Friday, January 7, 2011

MAI ပိုင်ဆိုင်ရေး ကမ္ဘောဇနှင့် စီဘီဘဏ် အငြင်းပွား & ၅ သိန်းတန် CDMA ဖုန်းများ အင်တာနက် သုံးနိုင်တော့မည် & နအဖ စစ်တပ်နှင့် ရခိုင်တပ် တိုက်ပွဲဖြစ် & လယ်သိမ်း ယာသိမ်းခံများ ရန်ကုန်တွင် ဆန္ဒပြ

ZawGyi System 2008 Version 2.0.0.12 For XP  

MAI ပိုင်ဆိုင်ရေး ကမ္ဘောဇနှင့် စီဘီဘဏ် အငြင်းပွား

ရန်ပိုင် Thursday, 06 January 2011
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (Myanmar Airways International-MAI) ကို ၀ယ်ယူခဲ့သည့် ကမ္ဘောဇဘဏ်နှင့် သမဝါယမဘဏ် (စီဘီဘဏ်) အပါအဝင် စီးပွားရေး အုပ်စုများအကြား ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားနေသည်။
mm-MAI-11MAI လေကြောင်းလိုင်းကို အစိုးရထံမှ  ကမ္ဘောဇဘဏ်၊ စီဘီဘဏ်နှင့် ထွန်းဖောင်ဒေးရှင်း ဘဏ်တို့က အစုရှယ်ယာ အသီးသီး ထည့်ဝင်၍ ယမန်နှစ်က ၀ယ်ယူခဲ့ကြောင်း၊ သို့သော် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းက ယခုအခါ ၎င်းတဦးတည်းပိုင် ပြုလုပ်လိုသည်ဟု ပြောကြားသည့်အတွက် အငြင်းပွားမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း စီဘီဘဏ်နှင့် နီးစပ်သည့် အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“ကမ္ဘောဇဘဏ်က အဓိကရှယ်ယာ ပါတယ်။ စီဘီဘဏ်က ဒုတိယအများဆုံး။ အခု ပြည်တွင်းလေကြောင်းလိုင်း အသစ်ပြေးဆွဲခွင့်ပါ ထပ်ချပေးတော့ ဦးအောင်ကိုဝင်းက သူတယောက်တည်း လုပ်မယ်ဆိုပြီး ရှယ်ယာတွေကို ပြန်အမ်းဖို့လုပ်တာ” ဟု ၎င်းက ဆိုသည်။ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်းမှာ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူဟု လူသိများပြီး စီဘီဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးမှာ တောင်ငူ အခြေစိုက် ကေတုမတီအုပ်စု ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးဖြစ်ကြောင်း၊ ယမန်နှစ် နှစ်ဆန်းပိုင်းတွင် MAI လေကြောင်းလိုင်းကို ၀ယ်ယူရာတွင် ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က နိုင်ငံပိုင်လေကြောင်းလိုင်း MAI သည် ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရမှ ၅၁ ရာခိုင်နှုန်း၊ စင်ကာပူ အခြေစိုက် Highsonic Enterprises က ၄၁ ရာခိုင်နှုန်း ငွေကြေးထည့်ဝင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်
။MAI လေကြောင်းလိုင်းသည် ပြည်ပခရီးစဉ်များ ပျံသန်းခွင့်ရရှိသည့်အပြင် Ground Handling ခေါ် ပြည်ပမှ ဆင်းသက်သည့် လေယာဉ်များကို အခွန်ကောက်ယူခွင့်အပြင် ခရီးသည် ၀န်ဆောင်မှုနှင့် လေဆိပ်လုပ်ငန်းများကို ရန်ကုန်နှင့် မန္တလေး လေဆိပ်များတွင် လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ယခုအခါ ကမ္ဘောဇဘဏ်နှင့် စီဘီဘဏ်တို့ အနေဖြင့် ၀င်ငွေကောင်းသည့် အဆိုပါ Ground Handling ခေါ် ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ပိုင်ခွင့်မရှိတော့ဘဲ ပြည်တွင်းလေကြောင်းလိုင်းအသစ်ကိုသာ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ  Ground Handling ခေါ် ၀န်ဆောင်မှု လုပ်ငန်းများကို ယခုအခါ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် နီးစပ်သည့် အေးရှားဝေါလ်ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားပြီး တနှစ်လျှင် အမေရိကန် ဒေါ်လာ ၆ သန်းခန့် ဝင်ငွေရရှိနေသည်ဟု Air Bagan လေကြောင်းလိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။အတည်မပြုနိုင်သော သတင်းများအရ  MAI  လေကြောင်းလိုင်းကို ကမ္ဘောဇဘဏ်နှင့် စီဘီဘဏ်တို့ ၀ယ်ယူရာတွင် စီဘီဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ရင်းနှီးသည့် “၀” ပြည်သွေး စည်း ညီညွတ်ရေးတပ် (UWSA) ခေါင်းဆောင် ဦးပေါက်ယူချန်း၏ သားမက် “၀” စီးပွားရေးလုပ်ငန်းရှင် ဦးအိုက်ဟော့ ခေါ် စိုင်းဟော့က နောက်ကွယ်မှ ငွေကြေးထည့်ဝင်ထားကြောင်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုနေကြသည်။

ယမန်နှစ် နိုဝင်ဘာလ အတွင်းကလည်း ရန်ကုန်အဲယားဝေးအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ လေယာဉ်ခရီး စဉ် တိုးချဲ့ပျံသန်းရန် လုပ်ကိုင်နေစဉ် လေယာဉ်ပျံသန်း ပြေးဆွဲခွင့်လက်မှတ် (Aircraft Operator Certificate) မရှိဟူသော အကြောင်းပြချက်ဖြင့် ဖျက်သိမ်းခြင်းခံခဲ့ရသည်။ထိုသို့ ဖျက်သိမ်းခြင်းမှာလည်း UWSA အဖွဲ့နှင့် ပတ်သက်၍ စစ်အစိုးရက ဖျက်သိမ်းခြင်းဖြစ်သည်ဟု ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုမှုများရှိခဲ့သည်။မြန်မာနိုင်ငံတွင် အစိုးရပိုင် လေကြောင်းလိုင်းကို ၁၉၅၀ ခုနှစ်မှ ဖဆပလ အစိုးရလက်ထက်တွင် စတင်ပြေးဆွဲခဲ့ပြီး Union of Burma Airways (UBA) ဟု အမည်တွင်ခဲ့သည် ၁၉၇၀ ခုနှစ် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်စဉ်က Burma Airways Corporation (BAC) ပြောင်းလဲခဲ့ပြီး ၁၉၈၈ ခုနှစ်မှစ၍ စစ်အစိုးရကMyanma Airways (MA) ဟု ထပ်မံပြောင်းလဲခဲ့ပြီး ပြည်တွင်းခရီးစဉ်များကို ပြေးဆွဲသည်။

လက်ရှိ ပြေးဆွဲနေသည့် ပုဂ္ဂလိက လေကြောင်းလိုင်းများမှာ ဦးတေဇပိုင် Air Bagan ၊ ဦးအောင်ကိုဝင်း၏ MAI လေကြောင်းလိုင်းနှင့် Air Mandalay လေကြောင်းလိုင်းတို့ ဖြစ်ပြီး ပြည်တွင်း ပြည်ပသို့ ပြေးဆွဲလျက်ရှိသည်။စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် လေကြောင်းလိုင်းများကို ဖွင့်လှစ်ပြေးဆွဲနေသော်လည်း အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် လေယာဉ်အပိုပစ္စည်းများ ၀ယ်ယူရန် ခက်ခဲသည့်အပြင် ခရီးသည်လည်း နည်းပါးသည့်အတွက် စီးပွားရေးအရ တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နေကြောင်း Air Bagan လေကြောင်းလိုင်းနှင့် နီးစပ်သူက ပြောသည်။

၅ သိန်းတန် CDMA ဖုန်းများ အင်တာနက် သုံးနိုင်တော့မည်

လွင်ကို , 06 January 2011
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ချပေးထားသော ကျပ် ၅ သိန်းတန် CDMA ဖုန်းများကို အင်တာနက်ပါ အသုံးပြုနိုင်ရန် လာမည့် ၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပြင်ဦးလွင် ICT ပြပွဲ၌ SIM ကတ်များအား လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Showing-how-McWill-connect-to-Internet-Eleven-Media-Group
၅ သိန်းတန် CDMA ဖုန်းဖြင့် အင်တာနက် အသုံးပြုပုံ သရုပ်ပြနေစဉ် (ဓာတ်ပုံ - Eleven Media)
လက်ရှိ အသုံးပြုနေသည့် ကျပ် ၅ သိန်းတန် ဖုန်းများမှာ CDMA 800 MHz၊ 450 MHz စနစ်များ ဖြစ်ပြီး အင်တာနက် အသုံးပြုနိုင်မည့် McWill ဖုန်းမှာ CDMA 400 Mhz ဖြစ်ကြောင်း၊ အဆိုပါ ဖုန်း စတင်ရောင်းချသည့် ဇန်နဝါရီလ ၈ ရက်နေ့တွင်ပင် အင်တာနက် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တဦးက ပြောသည်။

“အင်တာနက်ပါ သုံးချင်တဲ့သူက SIM ကတ် လဲဖို့ လိုမယ်။ ကျပ် ၃ သောင်းလောက် ထပ်သွင်းရမယ်။ ပြင်ဦးလွင် IT ပွဲမှာ စလဲပေးမယ်” ဟု ကျပ် ၅ သိန်းတန်ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူ ရောင်းချနေသည့် ဦးတေဇ၏ E-lite Tech ကုမ္ပဏီမှ တာဝန်ရှိသူက ဆိုသည်။

SIM ကတ်အစား အင်တာနက်အသုံးပြုနိုင်ရန် UID ကတ် လဲလှယ်ရမည်ဟု အင်တာနက် ဂျာနယ်တွင် ရေးသားထားသည်။ အဆိုပါ ကတ်များကို ကျပ် ၅ သိန်းတန် ဖုန်း သုံးသူများအတွက်  အကန့်အသတ်မရှိ လဲပေးသွားမည်ဟုလည်း သိရသည်။
နဝမ အကြိမ်မြောက် ကျင်းပမည့် မြန်မာ ICT ပြပွဲတွင် အင်တာနက်ပါ အသုံးပြုနိုင်မည့် McWill မိုဘိုင်းဖုန်းများကို ပွဲတော်ရက်အတွင်း ရောင်းချပေးမည့် သတင်းကြောင့် တခြားမြို့ကြီးများမှ သွားရောက်ဝယ်ယူရန် စိတ်ဝင်စားသူ များပြားလျက် ရှိနေသည်။

400 MHz စနစ်ဖြင့် အသုံးပြုနိုင်မည့် 3.5 G အမျိုးအစား McWill မိုဘိုင်းဖုန်းများကို ပြင်ဦးလွင်မြို့ ရတနာပုံ ဆိုက်ဘာ စီးတီးတွင် ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပမည့် ICT ပွဲတော်၌ အလုံးရေ ၆၀၀၀ စတင် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့ McWill စီမံကိန်း မန်နေဂျာက ပြောသည်။
McWill ဖုန်းအတွက် ဟန်းဆက်မှာ လက်ရှိ အသုံးပြုနေသည့် ကျပ် ၅ သိန်းတန်ဖုန်းဟု အလွယ်ခေါ်ကြသော 800 Mhz, 450 MHz ဖုန်းများ ကဲ့သို့ပင် တရုတ်ပြည်မှ ထုတ်လုပ်သည့် ဟန်းဆက်ဖြစ်ပြီး ဖုန်းလိုင်းမိသည့် မည်သည့် နေရာတွင်မဆို ကွန်ပျူတာနှင့် ချိတ်ဆက်ကာ အင်တာနက် သုံးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ဟန်းဆက်ကို USB ကဲ့သို့ အသုံးပြု တပ်ဆင် ရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတဦးက ဆိုသည်။

“သူ့ ဟန်းဆက်မှာက Screen မပါပါဘူး။ ဖုန်းမှာ အင်တာနက် သုံးလို့ မရဘူးပေါ့။ ကွန်ပျူတာမှာ USB ပုံစံ တပ်ပြီး သုံးရမှာပါ” ဟု သူက ရှင်းပြသည်။အင်တာနက်မြန်နှုန်း အနေဖြင့် 128KB, 256KB, 512KB နှင့် 1M ဟူ၍ ၄ မျိုး ခွဲခြားပေးထားကာ ဈေးနှုန်းကွာခြားမည် ဖြစ်သည်။McWill ဖုန်းများကို မိုဘိုင်းဖုန်းအဖြစ်သာ သီးသန့်အသုံးပြုမည်ဆိုပါက ကျပ် ၄၅၀၀၀၀ သာ ပေးသွင်းရမည်ဖြစ်ပြီး အင်တာနက်ပါ အသုံးပြုမည်ဆိုပါက ကျပ် ၅ သိန်း ပေးသွင်းရမည်ဟု Eleven media တွင် ရေးသားထားသည်။အင်တာနက် အသုံးပြုခ အနေဖြင့် 128KB အတွက် တနာရီ ကျပ် ၁၂၀၊ 256KB အတွက် တနာရီ ကျပ် ၁၈၀၊ 512KB အတွက် တနာရီ ကျပ် ၃၆၀၊ 1M အတွက် တနာရီ ကျပ် ၄၈၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။“ရောင်းမှာကတော့ အလုံး ၆၀၀၀ ပဲ။ ဒါပေမယ့် ဖုန်းဆိုင်တွေ၊ ပွဲစားတွေ၊ အဆက်အသွယ် ရှိတဲ့သူတွေ ဒီပွဲ သွားမှာဆိုတော့ တကယ် သုံးမယ့်လူ လက်ထဲ အမှန်တကယ် မရောက်နိုင်ဘူး” ဟု McWill စီမံကိန်းမန်နေဂျာက ဆိုသည်။

McWill ဖုန်းအတွက် Prepaid ကတ်များကို ကျပ် ၁ သောင်း၊ ကျပ် ၂ သောင်း၊ ကျပ် ၃ သောင်း၊ FEC 20၊ FEC 50 ဟူ၍ ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ကြောင်း၊ နိုင်ငံခြား ခေါ်ဆိုမှုအတွက် FEC ၂၀ တန်၊ ၅၀ တန် Prepaid ကတ်များ အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။ယခုလက်ရှိတွင် ကျပ် ၅ သိန်းဖုန်းများထဲ၌ CDMA 800MHz, CDMA 450MHz ဟူ၍ ကွဲပြားနေပြီး ယခုအခါ 400 MHz တမျိုး ထပ်မံ ရောင်းချလျှင် အမျိုးအစား ၃ မျိုး ရှိလာမည်ဖြစ်သည်။ ဟန်းဆက် တခုတည်းကို CDMA 800MHz နှင့် CDMA 450MHz အမျိုးအစား SIM ကတ်များ လဲလှယ်သုံးစွဲပါက SIM ကတ် ကြောင်သည့် ပြဿနာများ ဖြစ်တတ်ကြောင်း ပြည်တွင်းသတင်းဂျာနယ်များတွင် ရေးသားထားသည်ကို တွေ့ရသည်။

“ဖုန်းလိုင်းတွေက အမျိုးမျိုးပေါ်နေတာ။ အခု ကျမကိုင်ထားတဲ့ GSM က အရင်လတွေတုန်းက အင်တာနက်သုံးလို့ ရတော့မယ်လိုလို ဘာလိုလိုနဲ့၊ အခု မရတော့ပြန်ဘူး။ ၅ သိန်းဖုန်းတွေက အင်တာနက် သုံးလို့ ရမယ်ဆိုတော့ G ဈေးတွေ ကျပ် ၈ သိန်းအောက် ကျဖို့ရှိနေတယ်” ဟု GSM အသုံးပြုနေသော ရန်ကုန်မြိုခံ တဦးကဆိုသည်။
ကျပ် ၅ သိန်းတန် ဖုန်းများကဲ့သို့ပင် GSM ဖုန်းများကိုလည်း အင်တာနက် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း၊ မကြာခင် ရလာမည်ဟု မျှော်လင့်ရကြောင်း မြန်မာ့ ဆက်သွယ်ရေး မှ တာဝန်ရှိသူကပြောသည်။ပြင်ဦးလွင် ရတနာပုံ ဆိုက်ဘာစီးတီးတွင် ကျင်းပမည့် ICT ပြပွဲ၌ အင်တာနက် သုံးနိုင်ရန် ယခင် ရောင်းချပေးထားသော ကျပ် ၅ သိန်းတန် ဖုန်းများကို SIM Card များလဲလှယ်ပေးမည်ဆိုခြင်း၊ McWill ဖုန်းများစတင်ရောင်ချမည့် ဆိုခြင်းတို့ကြောင့် လူအများ စိတ်ဝင်တစား လာရောက်ကြည့်ရှုနိုင်ကြောင်း IT ပညာရှင် တဦးက ဆိုသည်။

“၂၀၀၈ က ဒီမှာ ICT ပွဲ စလုပ်တယ်။ ၂၀၀၉ ကျတော့ လူအ၀င်နည်းတယ်။ ဒီနှစ်တော့ လူစည်ကားအောင် ထူးထူး ခြားခြားလေးတွေ လုပ်တာပါ” ဟု ၎င်းကပြောသည်။
McWill ဖုန်းနံပါတ်များမှာ ရန်ကုန်တိုင်းအတွက် ၀၁၀၂၊ ၀၁၀၃ စသဖြင့် အစပြုမည်ဖြစ်ပြီး မန္တလေးတိုင်းအတွက် ၀၁၀၄၊ ၀၁၀၅ စသော နံပါတ်များဖြင့် အစပြုချထား ပေးမည် ဖြစ်ကြောင်း သိရသည်။ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 MHz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA မိုဘိုင်းဖုန်း ၅၄၅၆၅၀၊ CDMA 800တယ်လီဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ မြန်မာပြည်တွင် မိုဘိုင်းဖုန်းစနစ် အနေဖြင့် GSM နှင့် CDMA ဟူ၍ နှစ်မျိုးကွဲပြားနေပြီး လတ်တလော CDMA ဖုန်းများမှာ ဈေးနှုန်း ပိုမိုသက်သာသောကြောင့် လူကြိုက်များလျက်ရှိသည်။ သို့ရာတွင် CDMA ဖုန်းမှာ တရုတ်နိုင်ငံမှ တင်သွင်းသည့် ဟန်းဆက် တမျိုးတည်းဖြင့်သာ အသုံးပြုနိုင်သောကြောင့် ငွေကြေးတတ်နိုင်သူများက ကမ္ဘာ အရပ်ရပ်တွင် အသုံးပြုနေသည့် GSM စနစ်ကိုသာ သုံးကြသည်။

နအဖ စစ်တပ်နှင့် ရခိုင်တပ် တိုက်ပွဲဖြစ်

ခင်ဦးသာ , 06 January 2011
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ၌ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) နှင့် နအဖ စစ်တပ်တို့ ဇန်န၀ါရီလ ၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ စစ်တပ်မှ ၄ ဦးကျဆုံးခဲ့ပြီး ALA မှ ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ချင်းပြည်နယ် ပလက်ဝ မြို့နယ်၌ အခြေစိုက်ကာ နယ်စပ် တလျောက်လှုပ်ရှားနေသော နအဖ၏ ခလရ ၅၅ တပ် မှတပ်သားအင်အား ၃၀ ၀န်းကျင်နှင့် ALA တပ်သားအင်အား ၄၀ ၀န်းကျင်တို့သည် ဇန်န၀ါရီလ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က အပြန်အလှန်ပစ်ခတ်ခဲ့ ကြကြောင်း၊ ALA က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ALA အဖွဲ့ဝင် တဦးကပြောသည်။၁ နာရီနီးပါး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး နအဖ ဘက်မှ တပ်အင်အားများ တိုးချဲ့ကာ ထိုးစစ်ဆင် တိုက်ခိုက်လာ၍ ALA က နောက်ဆုတ် လိုက်ရကြောင်း၊ နအဖ၏ စစ်စခန်း အားလုံးနီးပါး ပျက်စီးသွားပြီး ALA ဘက်ကလည်း ပျက်စီးမှုများ ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားချိန်သည် နေ့ခင်းဘက်ဖြစ်၍  နအဖ စစ်တပ်ဘက်မှ သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရသူ ၂ ဦး ဆိုသည်ကို အတိအကျ ပြောဆိုနိုင်ခြင်းဖြစ်ကြောင်း၊ ALA တပ်မှ သေဆုံးသွားသူ ရဲဘော်မှာ ခိုင်မြ၀င်း ဖြစ်ကြောင်း ALA ဗဟို အဖွဲ့ဝင် တဦးဖြစ်သူ ကိုသုခက ဧရာဝတီကို ပြောသည်။“ဒီနှစ်အတွင်းမှာ တိုက်ခိုက်မှုတွေကို ပြောက်ကျားစနစ်နဲ့ အရှိန်မြှင့် လုပ်ဆောင်သွားမှာပါ။ လွတ်လပ်ရေးနဲ့ တိုင်းရင်းသားအားလုံး တန်းတူ အခွင့်အရေး ရတဲ့အချိန်ထိပေါ့” ဟု ကိုသုခက ပြောဆိုသည်။ရခိုင်တိုင်းရင်းသားများအပြင် တခြားသော တိုင်းရင်းသား အားလုံးနှင့်ပူးပေါင်း၍ စစ်အာဏာရှင် စနစ် ပပျောက်ရေး၊ ကိုယ်ပိုင်လွတ်လပ်ရေး၊ တန်းတူ အခွင့်အရေးရရှိရေး တို့ကို ဆောင်ရွက်သွားမည် ဟုလည်း ဆိုသည်။ဇန်န၀ါရီလ ၃ ရက်နေ့တွင် တိုက်ခိုက်ရခြင်းမှာ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးသည် စစ်အစိုးရ အတွက်သာဖြစ်ပြီး တခြားသော တိုင်းရင်းသားများ၊ ပြည်သူများအတွက် လွတ်လပ်ရေးမရသေး၍ တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုတိုက်ပွဲသည် ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALA) နှင့်နအဖ တပ်တို့အကြား ယခုနှစ်အတွင်း ပထမဆုံးဖြစ်ပွားသော တိုက်ပွဲ တခုဖြစ်ပြီး တိုက်ခိုက်မှုကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟု ALA အဖွဲ့ဝင်က ဆိုသည်။၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင်လည်း နအဖ တပ်ဖွဲ့နှင့်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ ဘက်က သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ALA သည် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်၌ အခြေပြုကာ စစ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် တခုတည်းသော ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။ALA အား ၁၉၇၃ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်၌ တည်ထောင်ခဲ့ပြီး အိန္ဒိယနိုင်ငံ၌ အခြေစိုက်ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် အိန္ဒယ နယ်စပ်တို့တွင် စစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။နအဖ စစ်အစိုးရတပ်များနှင့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြား တိုက်ခိုက်မှု သည် ၂၀၁၀ ခုနှစ် နှောင်း ပိုင်းတွင် ဆက်တိုက် ဖြစ်ပွားလျက် ရှိသည်။ နအဖ စစ်တပ်နှင့် ထိုင်း-မြန်မာ နယ်စပ်ရှိ  DKBA တပ်ဖွဲ့တို့ အကြား တိုက်ခတ်မှု သည် ဆက်တိုက် ဖြစ်ပွား နေပြီး ယခု ရက်ပိုင်းတွင် ပိုမို ပြင်းထန်လျက် ရှိသည်။

ပြည်ပပို့ မြန်မာဆန် မကြာခဏ ပြန်ပို့ခံရ

မျိုးမောင် , 06 January 2011
ပြည်ပသို့ တင်ပို့သည့် မြန်မာ့ဆန် အရည်အသွေး ကျဆင်းလာသဖြင့် ယခု နှစ်ကုန်ပိုင်းတွင် တင်ပို့သည့်ဆန်များမှာ မကြာခဏပြန် ပို့ ခံရခြင်းများ ရှိလာကြောင်း ရန်ကုန်မြို့ဆန်ကုန်သည် အသိုင်းအ၀ိုင်းက ပြောသည်။
Botahtaung-port
ဗိုလ်တထောင် ဆိပ်ကမ်းမှ ဆန် ကုန်တင်ကုန်ချ အလုပ်သမားများ။ (ဓာတ်ပုံ - AP)
အာဖရိကရှိ အိုင်ဗရီကို့စ် နိုင်ငံသို့တင်ပို့သော၂၅ မှတ်ဆန်(ကျိုးကြေသော ရာခိုင်နှုန်း၂၅ ရာခိုင်နှုန်း ပါဝင်သည့် ဆန်)တင် သင်္ဘော တစီးသည် အရည်အသွေးမမီသောကြောင့် ကမ်းကပ်ခွင့်မပေးသဖြင့် ဒီဇင်ဘာလ အတွင်းက ပြန်လှည့်ခဲ့ရကြောင်း ရန်ကုန်မြို့ဘုရင့်နောင် ဆန်ကုန်သည် တဦးက ပြောဆိုသည်။နိုဝင်ဘာလ အတွင်းကလည်း အရှေ့အလယ်ပိုင်း နိုင်ငံတနိုင်ငံသို့ တင်ပို့သော ၂၅ မှတ် ဆန် တန်ချိန် ၆၀၀၀ မှာ အရည်အသွေးမမီသခြင့် ၀ယ်ယူခြင်းမပြုခဲ့ကြောင်း ရန်ကုန်မှ တခြားသော ဆန်ကုန်သည် တဦးကလည်း ပြောသည်။

“အာရပ်ကိုသွားတဲ့ ဆန်ကတော့ ပြန်ညှိလို့ရသွားတယ်လို့ ကြားတယ်။ နောက်ပိုင်း ဒီလိုမျိုးဖြစ်တာတွေ များလာတယ်”ဟု ၎င်းက ဆိုသည်။ပြည်ပသို့ တင်ပို့သော မြန်မာဆန် အများစုမှာ ၂၅ မှတ်ဆန် ဖြစ်ကြောင်း သိရသည်။ပြည်တွင်း ဆန်ဈေးကွက်ကိုသာ အဓိက ရောင်းဝယ်သော ရန်ကုန်ဆန်ကုန်သည် တဦးကလည်း ပြည်ပပို့ ဆန်ကုန်သည်များမှာ ပြည်တွင်း ဆန်ပေါက်ဈေးကြောင့် ဈေးမကိုက်သဖြင့် ဆန်ကို အရောအနှောထည့်သွင်းမှု ပြုလုပ်ခြင်းများပြားလာရာမှာ တဆင့် ထိုသို့ဖြစ်လာဖွယ်ရှိကြောင်း ပြောဆိုသည်။

“အခုက ပို့ဖို့အတွက် ဆန်အဟောင်းကို ၀ယ်တယ်။ ပြီးရင် အကျိုးရောရင် ဆန်အသစ်နဲ့ ရောတယ်။ ဒီတော့ အစိုဓာတ်က မတူ တော့ဘူး။ ဒါကို သင်္ဘောတင်တဲ့ အချိန်ကျတော့ လမ်းမှာ မှိုတက်ရော”ဟု မြန်မာ ဆန်စပါးဈေးကွက်တွင် ရိတ်သိမ်းချိန်လွန် ပညာနှင့် ပတ်သက်၍ အထူးပြုလေ့လာနေသူ တဦးက ပြောသည်။ပြည်တွင်း ဆန်ဈေးမှာ ဘုရင့်နောင် ဈေးကွက်၌ ဆန်သစ်မပေါ်မီ၂၅ မှတ် ဆန် တတန် လျင် ကျပ် ၂ သိန်း ၉ သောင်း ရှိပြီး ဆန်သစ် ပေါ်ပြီး ယမန်နေ့ကဈေးမှာ ကျပ်၂ သိန်း ၇ သောင်းရှိကြောင်း၊ Export (ပြည်ပပို့) ဆန် ဈေး တတန်ကို ဒေါ်လာ ၃၉၀ ၀န်းကျင် (ကျပ် ၃ သန်း ၉ သောင်းခန့်)ရှိကြောင်း သိရသည်။

ပြည်ပ တင်ပို့မည့် ဆန်ကို အရည်အသွေးစစ်ဆေးနိုင်သော လက်မှတ်ရ ကုမ္ပဏီများတွင် စစ်ဆေးတင်ပြ ထောက်ခံချက် ရယူပြီးမှ တင်ပို့ရခြင်းဖြစ်ကြောင်း၊ မြန်မာ ပို့ကုန် ဆန်များကို ဆွန်ဇာလန်နိုင်ငံ အခြေစိုက် အရည်အသွေး စိစစ်ရေးအဖွဲ့ SGS က အများဆုံး စစ်ဆေးပေးခြင်းဖြစ်ကြောင်း ဆန်ကုန်သည်များက ပြောသည်။ ထိုသို့ တင်ပို့ရသော်လည်း တနည်းနည်းဖြင့် အရည်အသွေးမီ ကြောင်း ထောက်ခံချက်ရရှိရန် ကြိုးစားကြလေ့ ရှိကြောင်းလည်း သိရသည်။“ဒီက ကုန်သည်တွေက ပူးပေါင်းတာကို အင်မတန်ကျွမ်းကျင်တာကိုး။ အဓိက အရည်အသွေးညံ့လို့ ပြဿနာဖြစ်နေတာ”ဟု ၀ါရင့် ဆန်ကုန်သည် တဦးက ဆိုသည်။၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ဂါနာနိုင်ငံသို့ တင်ပို့သော၂၅ မှတ်ဆန် တန်ချိန် ၁၅၀၀၀ ကျော်မှာ အရည်အသွေး မမီ ဟု ဆိုကာ ငြင်းပယ်ခံခဲ့ရပြီး တရားစွဲဆို ရင်ဆိုင်ရန် အထိဖြစ်ခဲ့သေးသည်။

ယခုနှစ်တွင် စပါးရိတ်သိမ်းချိန်၌ မြန်မာနိုင်ငံအနှံ့ အချိန်အခါ မဟုတ် မိုးရွာသွန်းခြင်း၊ နှင်းများ လွန်စွာကျဆင်းခဲ့ခြင်းများကြောင့် စပါး အလေအလွင့်များနိုင်ပြီး စပါးထွက်နှုန်း ကျဆင်းနိုင်ကြောင်း ပြည်တွင်း ဆန်စပါး သုတေသီတဦးက ခန့်မှန်းသည်။ဆန်တင်ပို့မှုနည်းပါးခြင်း၊ ဆန်အသစ်များ ဈေးကွက်အတွင်း ၀င်ရောက်လာခြင်းတို့ကြောင့် ရန်ကုန်ဆန်ဈေးကွက်အတွင်း ဆန်ကြမ်း ဈေးနှုန်းမှာ လတ်တလေကျဆင်းနေကြောင်း ဆန်ကုန်သည်များက ဆိုကြသည်။၂၀၁၀ ခုနှစ် ဧပြီ မှ ဒီဇင်ဘာလ အကြား ဆန်တန်ချိန် ၃ သိန်းနီးပါး တင်ပိုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လယ်သိမ်း ယာသိမ်းခံများ ရန်ကုန်တွင် ဆန္ဒပြ

အောင်သက်ဝိုင်း , 06 January 2011
ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် အတွင်းတွင် နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုကာ လယ်မြေများ သိမ်းယူခဲ့သည့် အတွက် တောင်သူ လယ်သမား ၂၀၀ ကျော်တို့က သင်္ဃန်းကျွန်း မြို့နယ်ရှိ အရှေ့ပိုင်းခရိုင် ရုံးရှေ့တွင် ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြကြပြီး လယ်မြေများ ပြန်လည်ပေးအပ်ရန် တောင်းဆို ကြသည်။၂၀၀၈ ခုနှစ်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် ဒဂုံ ဆိပ်ကမ်းမြို့နယ်များ အတွင်းရှိ ရွာပေါင်း ၇ ရွာ ကျော်မှ လယ်ယာမြေ ဧက ၅၅၀၀ ကျော်ကို စီးပွားရေးကုမ္ပဏီကြီး ၁၁ ခုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး ကန်ထရိုက် လယ်ယာစနစ် အကောင်အထည် ဖော်ရမည်ဟု စစ်အစိုးရ ခေါင်းဆောင်များက အမိန့် ပေးခဲ့ကြောင်း၊ ထို့ကြောင့် လယ်သမားများက စီးပွားရေး ကုမ္ပဏီများနှင့် ပူးပေါင်း၍ ကန်ထရိုက် စပါးစိုက်ပျိုးရေး လုပ်ဆောင်ရန် ပြင်ဆင်ခဲ့ကြောင်း၊ သို့သော်လည်း ကုမ္ပဏီများက လယ်တဧကအတွက် ကျပ် ၅ သောင်းမှ ၁ သိန်း ထုတ်ပေးကာ လယ်ယာမြေများ ပြုပြင်မည်ဟုဆို၍ လယ်မြေများကို သိမ်းယူပြီး ဒေသခံ တောင်သူဦးကြီး များကို လယ်လုပ်ခွင့် မပေးတော့ကြောင်း သိရသည်။

“ကန်ထရိုက်လယ်ယာစနစ်နဲ့ လယ်လုပ်ရမယ်၊ လယ်တဧကကို စပါးတင်း ၁၀၀ ထွက်အောင် စိုက်ရမယ်။ လိုအပ်တဲ့ လယ်ထွန်စက်တို့ ဘာတို့ ပံ့ပိုးမယ်၊ ပြီးတော့ စိုက်ပျိုးစရိတ်အတွက် ၂ ကျပ်တိုးနဲ့ ငွေချေးပေးမယ် ဆိုပြီးပြောတယ်။ထွက်တဲ့ ဆန်စပါးကို ၆၀ ရာခိုင်နှုန်းကို ကုမ္ပဏီက ယူမယ်၊ ၄၀ ရာခိုင်နှုန်းကို လယ်သမားက ရမယ်ပေါ့။ ဒါပေမယ့် အမှန်တကယ်ကျတော့ လယ်သမားတွေကို ငွေပေးပြီး လယ်လုပ်ခွင့်မပေးတော့ဘူး။ ကျနော်တို့ လယ်သမားတွေက လယ်လုပ်ခွင့်မရတာ ၂ နှစ်ကျော်သွားပြီ။ ဒါကြောင့် ဆန္ဒပြတာပါ’’ ဟု ဆန္ဒပြတောင်သူတဦးက ပြောသည်။ကန်ထရိုက် လယ်ယာစနစ် အကောင်အထည်ဖော်မည်ဟု အကြောင်းပြ၍ လယ်မြေ သိမ်းယူသည့် စီးပွားရေး ကုမ္ပဏီများ ထဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) လွှတ်တော် အမတ်များဖြစ်ကြသည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရွှေနဂါးမင်း ကုမ္ပဏီ၊ ဒေါက်တာခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီ၊ဆန်ကုန်သည် ဦးအောင်သန်းဦး၏ ပင်လယ်ကိုးသွယ် ကုမ္ပဏီတို့ အပြင် ဦးတေဇ၏ ထူးကုမ္ပဏီ၊ ဦးဇော်ဇော်၏ မက်စ်မြန်မာ၊ ဦးချစ်ခိုင်၏ ဧဒင်ကုမ္ပဏီ၊ ရွှေဟိန်းထက်ကုမ္ပဏီ၊ ရွှေတောင်ကုမ္ပဏီ၊ ၀န်းရံခ ကုမ္ပဏီ၊ ဂွတ်ဘရားသား ကုမ္ပဏီ၊ အေးရှားဝေါလ် ကုမ္ပဏီတို့ ပါဝင်ပြီး လယ်မြေ အသိမ်းခံခဲ့ရသော ကျေးရွာများထဲတွင် ညောင်ပင်ရွာ၊ လေးထောင့်ကန်၊ သုံးခွ၊ ရေကျော်၊ ထောင်ဗလုပ်၊ ဆစ်ပင်၊ အထက်ရွာ၊ အောက်ရွာ၊ တောင်သုံးလုံးတို့ ပါဝင်ကြောင်း သိရှိရသည်။

တချို့ လယ်ယာမြေများတွင် ကန်ထရိုက်လယ်ယာစနစ် အကောင်အထည် ဖော်သော်လည်း လယ်သမားများ အရှုံး ပေါ်နေကြောင်း တောင်သူများက ပြောသည်။အရှေ့ပိုင်း ခရိုင်ရုံးရှေ့တွင် ဆန္ဒပြနေသော လယ်သမားများကို ရှေ့နေ ကိုဖိုးဖြူက ဦးဆောင်ခြင်း ဖြစ်ပြီး အသိမ်းခံ လယ်မြေများ ပြန်လည်ရရှိရန် ဥပဒေ လမ်းကြောင်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုဖိုးဖြူနှင့်အတူ လယ်သမားများ အရေး လိုက်ပါဆောင်ရွက်နေသူ တဦးက ဆိုသည်။“၁၉၇၅ ခုနှစ် လယ်ယာဥပဒေနဲ့ ကျနော်တို့ ဆောင်ရွက်မယ်။ ဥပဒေ ဘောင်ထဲက လုပ်သွားမယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စာတင်မယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာန၊ အလုပ်သမားဝန်ကြီးဌာနနဲ့ မြေစာရင်းဌာနတွေကို စာတင်မယ်’’ ဟု လယ်သမားအရေး လိုက်ပါကူညီနေသူက ရှင်းပြသည်။ဆန္ဒပြ လယ်သမားတဦးက မိသားစု စားဝတ်နေရေးအတွက် လယ်သမားများ လယ်မြေ မဖြစ်မနေ ပြန်လည် ရရှိရန် လိုအပ်ကြောင်း ပြောသည်။“ဒီလယ်မြေမှာ လယ်လုပ်ခွင့်မရရင် ကျနော်တို့ မိသားစုငတ်ပြီ။ သူတို့ ကုမ္ပဏီတွေက ပေးထားတဲ့ ငွေပြန်ပေးမယ်။ ကျနော်တို့ လယ်ကို ကျနော်တို့ကို ပြန်ပေးပါ’’ ဟု ညောင်ပင်ရွာမှ အဆိုပါ လယ်သမားက ဆိုသည်။နံနက် ၁၀ နာရီကတည်းက သင်္ဃန်းကျွန်း အရှေ့ပိုင်းခရိုင် ရုံးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လယ်သမားများထံသို့ နေ့လယ် ၁၂ နာရီခန့်တွင် သက်ဆိုင်ရာ အာဏာပိုင်များ ရောက်ရှိလာပြီး ပြဿနာကို ပြေလည်မှု ရရှိသည်အထိ ဖြေရှင်း ပေးမည်ဟု ဆိုကာ လူစုခွဲခိုင်းကြောင်း သိရှိရသည်။

TBBC က ဒုက္ခသည် ထောက်ပံ့မှု လျှော့ချမည်

ဧရာဝတီ , 06 January 2011
ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီစောင့် ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) သည် ရန်ပုံငွေ အခက်အခဲကြောင့် မြန်မာ ဒုက္ခသည်များကို ပေးနေသည့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများနှင့် လုပ်ငန်းဆိုင်ရာ စရိတ်စကများကို ယခုနှစ်တွင် လျှော့ချ ဖြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။
Refugee-Children-11 ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်း တခုမှ ကရင်တိုင်းရင်းသား ကလေးငယ်များ။ (ဓာတ်ပုံ - Reuters)
TBBC သည် ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုမှ ဒုက္ခသည် ၁ သိန်းခွဲခန့်ကို စားနပ်ရိက္ခာနှင့် လိုအပ်သည်များ ထောက်ပံ့နေသည့် လူမှုရေးအဖွဲ့များကို စုစည်းထားသည့် အဖွဲ့အစည်းကြီးဖြစ်သည်။ကုန်ပစ္စ
ည်း ဈေးနှုန်းများ မြင့်တက်ခြင်း၊ ငွေကြေးလဲလှယ်မှု နှုန်းများ ပြောင်းလဲခြင်း၊ ရန်ပုံငွေ ဖြတ်တောက်ခံရခြင်းနှင့် အသစ်ရောက်ရှိလာသည့် ဒုက္ခသည်များအတွက်ပါ တာဝန်ယူရခြင်းတို့ကြောင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို လျှော့ချ ဖြတ်တောက်ရခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်သော TBBC ၏ သတင်းလွှာ၌ ဖော်ပြထားသည်။

လျှော့ချ ဖြတ်တောက်မှုများတွင် စားနပ်ရိက္ခာ၊ နေထိုင်စရာအတွက် အထောက်အကူပြု ပစ္စည်းများအပြင် စိုက်ပျိုးရေးနှင့် တခြား သက်မွေးဝမ်းကြောင်းဆိုင်ရာ ကဏ္ဍများရှိ အထူးအသုံးစရိတ်များ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒုက္ခသည် ၇၀၀၀ ခန့်  ထွက်ပြေးခဲ့ကြပြီး မကြာသေးမီက ဖလူးနှင့် ဝေါ်လေ ဒေသဘက်မှ ထွက်ပြေးလာကြသော ဒုက္ခသည်များသည် ထိုင်းအာဏာပိုင်များ၏ ရွှေ့ပြောင်းနေရာချထားမှုများ၊ ပြန်ပို့မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း TBBC ၏ သတင်းလွှာတွင် ရေးသားထားသည်။

ရန်ပုံငွေ လျှော့ချခံရခြင်းနှင့် ပတ်သက်၍ TBBC ၏ လက်ထောက် ညွှန်ကြားရေးမှူး ဆယ်လီ သွန်ပဆန်က “အလှူရှင်တွေ ရှိသည့်တိုင် အရှည်သဖြင့် ဆက်ပြီး ထောက်ပံ့နိုင်မလားဆိုတာ စိုးရိမ်မိပါတယ်။ ရေရှည်မှာ ထိုင်းဘက်ကို ရောက်နေတဲ့ မြန်မာ ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖွေဖို့ ခက်လာနိုင်ပါတယ်” ဟု ပြောကြားသည်။မယ်လအုန်း ဒုက္ခသည်စခန်းမှ အိမ်ရှင်မတဦးက ဒုက္ခသည်စခန်းတွင် ဝါး၊ သစ်နှင့် သက်ငယ် ဓနိများ ယခုနှစ်အတွက် လုံလောက်စွာ မရသဖြင့် နေအိမ်ကို မပြင်ဆင်နိုင်ကြောင်း ပြောသည်။TBBC အနေဖြင့် အကန့်အသတ်ဖြင့် ပေးဝေမည့် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများကို အလွန်အမင်း အကူအညီလိုအပ်နေသည့် ဒုက္ခသည်များထံ ရောက်ရှိရေးအတွက် ကြပ်မတ်ဖြန့်ဝေမည်ဟုလည်း သတင်းလွှာတွင် ဖော်ပြထားသည်။

တိုင်းရင်းသားပါတီများနှင့် ချင်းပါတီ မဟာမိတ်ဖွဲ့မည်

စိုင်းဇွမ်ဆိုင်း 06 January 2011
၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ချင်းအမျိုးသားပါတီ (CNP) သည် ပါတီညီလာခံတရပ် ကျင်းပနေပြီး တခြား တိုင်းရင်းသား ပါတီများနှင့် မဟာမိတ်ဖွဲ့စည်းရေးကို ဦးစားပေး အကောင်အထည် ဖော်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။ ချင်းပြည်နယ် ဟားခါးမြို့တွင် ကျင်းပနေသော ပါတီညီလာခံသို့ ပါတီကိုယ်စားလှယ်နှင့် ပါတီဝင် ၆၀ ခန့် တက်ရောက်ပြီး ဇန်နဝါရီလ ၆ ရက်နေ့မှစ၍ ၃ ရက်ကြာ ကျင်းပမည်ဖြစ်သည်။ CNP ဥက္ကဋ္ဌ ဦးဇိုဇမ်က “ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေ အပါအဝင် တခြား တိုင်းရင်းသားပါတီများနဲ့ မဟာမိတ်ဖွဲ့ပြီး အတူတကွ အလုပ်လုပ်နိုင်ရေးကို ကျနော်တို့ ပါတီညီလာခံမှာ အဓိကထား ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အခုက ညီလာခံကို စတင်ကျင်းပတဲ့ရက် ဖြစ်နေတော့ ဘာဆုံးဖြတ်ချက်မှတော့ မပြုလုပ်ရသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။ CNP ကို ၂၀၁၀ ခုနှစ် မတ်လ ၂၇ ရက်တွင် ရန်ကုန်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ် ၂၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၉ ဦး အနိုင်ရရှိထားသည်။

မဟာမိတ်ဖွဲ့ရေးနှင့် ပတ်သက်၍ ကျားဖြူပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို ဧရာဝတီက သဘောထား မေးမြန်းခဲ့ရာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးဖြစ်သူ ဦးစိုင်းလှကျော်က ၎င်းတို့ပါတီသည် တခြားနိုင်ငံရေးပါတီများနှင့် မဟာမိတ်ဖွဲ့မည် မဟုတ်ကြောင်း ပြောသည်။
ဦးစိုင်းလှကျော် က “မဟာမိတ်ဖွဲ့မယ်ဆိုရင် သဘောတူညီချက်တွေ၊ စည်းမျဉ်း စည်းကမ်းတွေမှာ လက်မှတ်ရေးထိုး ကြရမယ်။ အဲဒီလိုလုပ်ပြီးမှ တဦးတယောက်ကပဲ ဖြစ်ဖြစ်၊ နှစ်ဦးစလုံးကပဲ ဖြစ်ဖြစ် မလိုက်နာနိုင်ဘူးဆိုရင် ပြောစရာ၊ လက်ညှိုး ထိုးစရာတွေ ဖြစ်ကုန်ရင် ရှိနေတဲ့ ဆက်ဆံရေးကိုပါ ကျနော်တို့ ဆုံးရှုံးရမယ်။ အဲဒါကြောင့် ကျနော်တို့ပါတီက မဟာမိတ် ဖွဲ့ရေးကိစ္စတွေမှာ မပါဝင်ခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။

ကျားဖြူပါတီက မဟာမိတ်ပါတီတခုအဖြစ် ရပ်တည်မည် မဟုတ်သော်လည်း ပူးတွဲပါတီအနေဖြင့်မူ လုပ်ငန်းစဉ်များကို အတူတကွ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပူးတွဲကြေညာချက်များကိုလည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဦးစိုင်းလှကျော်က ဆက်လက်ပြောသည်။ ပါတီ ရန်ပုံငွေအတွက် ကျားဖြူအမည်ဖြင့် ကုမ္ပဏီတခု ထူထောင်ရန် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပါတီညီလာခံ ပြုလုပ်၍ ဆုံးဖြတ်ခဲ့ကြကြောင်း၊ ကုမ္ပဏီအစုရှယ်ယာ ၁ သန်း လျာထားကြောင်း၊ အစုရှယ်ယာ တစုလျှင် ၁ သောင်းနှုန်းဖြင့် ရောင်းချမည် ဖြစ်ပြီး ပါတီဝင်များကိုသာ ရောင်းချပေးမည် ဖြစ်ကြောင်း သိရှိရသည်။ စိုက်ပျိုးရေး၊ သတ္ထုတွင်းနှင့် သစ်လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ရရှိလာသည့် ကုန်ပစ္စည်းများကို တရုတ် နိုင်ငံသို့ တင်ပို့ရောင်းချရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

ကုမ္ပဏီ ဒါရိုက်တာ ရာထူးကို အစုရှယ်ယာ အများဆုံး ဝယ်ယူသူအား ပေးအပ်မည် ဖြစ်ကြောင်း၊ အစုရှယ်ယာများကို ခန့်ခွဲရန်အတွက်လည်း မကြာမီတွင် အလုပ်ရုံ ဆွေးနွေးပွဲတရပ် ကျင်းပပြီး ကော်မတီတရပ် ဖွဲ့စည်းမည် ဖြစ်ကြောင်းလည်း ဦးစိုင်းလှကျော်က ပြောသည်။ကျားဖြူပါတီသည့် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၅၇ ဦး အနိုင်ရခဲ့သည်။  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစိုးကလည်း မဟာမိတ်ဖွဲ့ရေးနှင့် ပတ်သက်၍ “ကျနော်တို့ ပါတီအနေနဲ့လည်း မဟာမိတ်ဖွဲ့ဖို့အထိကို မမျှော်မှန်းထားပါဘူး။ ဦးဇိုဇမ်တို့၊ ရှမ်းပါတီက ဦးစိုင်းအိုက်ပေါင်းတို့နဲ့ ကျနော်တို့ပါတီလည်း ရင်းရင်းနှီးနှီး ဆက်ဆံမှုတွေ ရှိပါတယ်။ ဒါပေမယ့် မဟာမိတ် ဆိုတာထက် တပါတီ နဲ့ တပါတီ နားလည်မှုတွေရှိမယ်၊ အလုပ်အတူတူ ပူးတွဲ လုပ်ကြတယ် ဆိုတာမျိုးကို ပိုလိုချင်ပါတယ်” ဟု ပြောသည်။

မကြာမီတွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ဆွေးနွေးပွဲတခုကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဖိတ်ခေါ်ကျင်းပရန် အစီအစဉ်ရှိကြောင်း၊ ထိုဆွေးနွေးပွဲတွင် အတူလက်တွဲနိုင်မည့် လုပ်ငန်းများကို ညှိနှိုင်းပြီး သဘောထားထုတ်ပြန်မည် ဖြစ်ကြောင်း ဦးလှစိုးက ပြောသည်။မြန်မာ့ နိုင်ငံရေးလောကတွင် တိုင်းရင်းသားများ၏ အခန်းကဏ္ဍမှာ အလွန် အရေးပါကြောင်း၊ မဟာမိတ်ဖွဲ့စည်းရေး ကြိုးပမ်းမှုသည် အပြုသဘောဆောင်သည်ဟု မြင်ကြောင်းလည်း ဦးလှစိုးက ဆက်လက်ပြောသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ် ၄၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၃၅ ဦး အနိုင်ရရှိသည်။ရွေးကောက်ပွဲ အပြီးတွင် မဲမသမာမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် တိုင်းရင်းသားပါတီများအပါအဝင် တခြားသော နိုင်ငံရေးပါတီများ အပြန်အလှန် တရားစွဲဆိုနေမှုများ ပေါ်ပေါက်ခဲ့သည်။ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်စလုံး၏ မဲဆန္ဒနယ်စုစုပေါင်း ၁၁၅၄ နေရာအနက် ၈၈၂ နေရာအနိုင်ရ ခဲ့ကြောင်း စစ်အစိုးရ မီဒီယာများက တရားဝင်ကြေညာထားသည်။

ကြည်ဝေ, 06 January 2011 ဆောင်းပါး
နောက်ခံ ပိတ်ကားပေါ်တွင် ခရမ်းပြာရောင် နောက်ခံ၌ လိမ္မော်ရောင် နေဝန်းထွက်ပေါ် လာသည့် သရုပ်ဖော်ပုံနှင့် “ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော်” ဟု မြန်မာဘာသာ၊ ကရင်ဘာသာ စကားတို့ဖြင့် ရေးဆွဲထားသော စင်မြင့်ပေါ်သို့ ရိုးရာဝတ်စုံဖြင့် ကရင်အမျိုးသား အမျိုးသမီး ၁၂ ဦးခန့်တက်လာကြပြီး ကရင်အမျိုးသားသီချင်းကို စတင်သီဆိုနေကြသည်။

karen_new_year_2011_02ရန်ကုန်မြို့ အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဘုရားကျောင်းဝင်းနှင့် ကျမ်းစာကျောင်းအတွင်း ကျင်းပသည့် ၂၇၅၀ ပြည့် ကရင် အမျိုးသားနှစ်သစ်ကူး ပွဲတော်သို့ လာရောက်ကြသည့် ထောင်နှင့်ချီသော လူအုပ်ကြီးက တိတ်ဆိတ်စွာ အမျိုးသားသီချင်းကို နားထောင်နေကြသည်။

သီချင်း ပြီးဆုံးသွားသည်နှင့် အသက် ၅၀ ကျော်အရွယ် ကရင်အမျိုးသားကြီးက “ဒီအချိန်မှာ ကရင်လူမျိုးတွေ စည်းလုံးကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ ကိုယ့်တိုင်းရင်းသားအချင်းချင်း ညီညွတ်ကြပါ။ ရိုးရာယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်” ဟု ပြောကာ ဦးညွတ်လိုက်သည်။
ကွင်းထဲမှ လက်ခုပ်သံ တဖြောင်းဖြောင်း မြည်ဟည်း ထွက်ပေါ်လာကြသော်လည်း ကရင်တိုင်းရင်းသားများ၏ မျက်နှာမှာမူ မကောင်းလှချေ။

“နယ်စပ်မှာ ကိုယ့်လူမျိုး ကရင်တွေ တိုက်ပွဲဖြစ်နေတဲ့ အချိန်ဆိုတော့ အားလုံးပဲ စိတ်ထိခိုက်ကြတာပေါ့နော်။ အမျိုးသားသီးချင်ဆိုတော့ ပိုပြီးစိတ်ထိခိုက်ကြတာပေါ့” ဟု ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) အဖွဲ့ဝင် ကရင်တိုင်းရင်းသူတဦးက ပြောသည်။ကရင်ပြည်နယ် ဘားအံဇာတိ ဖြစ်သော အသက် ၃၀ ခန့်ရှိ အဆိုပါ ကရင်တိုင်းရင်းသူသည် အဖြူရောင် စကောကရင်ဝတ်စုံကို ဝတ်ထားပြီး အဖြူရောင် ပုဝါကို ခေါင်းတွင် စည်းထားသည်။“တိုက်ပွဲဖြစ်တော့ ကရင်လူမျိုးတွေလည်း ဒုက္ခရောက်တယ်။ ဒါပေမယ့် မတရားတာကို မခုခံဘဲနေရင် ကြာရင် ပိုဆိုးကုန်မှာပဲ။ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ် ရှမ်းဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ် မတရားတာကိုတော့ ငြိမ်မခံသင့်ဘူး” ဟု သူ့အမြင်ကို ပြောသည်။ရန်ကုန်ရောက်သည်မှာ ၄ နှစ်ကျော်ပြီ ဖြစ်သော်လည်း မှတ်ပုံတင် အခက်အခဲနှင့် အိမ်ထောင်စုဇယား အခက်အခဲတို့ကြောင့် ရွေးကောက်ပွဲကာလတွင် ဘားအံသို့ပြန်ပြီး မဲပေးခဲ့ရကြောင်း ၎င်းက ဆိုသည်။

“၂၀၁၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်မှာတော့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက အမတ်နေရာ တော်တော်များများကို နိုင်လိုက်တယ်ပေါ့နော်။ ဒါပေမယ့် ကျမတို့ လိုချင်သလောက်တော့ မရဘူးပေါ့နော်။ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ကိုယ့်ပြည်နယ်အတွက် လုပ်ပေးချင်ပေမယ့် အစိုးရက ခွင့်ပြုမှ လုပ်လို့ရမယ့် အနေအထားပဲ ဖြစ်ဦးမယ်လို့ ထင်တယ်” ဟု သူက ပြောသည်။ကရင် အမျိုးသားနှစ်ကူး ပွဲတော်တွင် သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်း၊ နတ်စားခြင်း၊  ဆုတောင်းခြင်းတို့ ပြုလုပ်ကြပြီး ယဉ်ကျေးမှုကပွဲ၊ ကရင်ယဉ်ကျေးမှု ပြခန်းများ၊ ပွဲဈေးတန်းများလည်း ပါဝင်သည်။ပွဲဈေးတလျှောက်တွင် ကရင်ဝတ်စုံဝတ် အမျိုးသား၊ အမျိုးသမီး၊ ကလေးများအပြင် တခြားတိုင်းရင်းသား လူမျိုးများနှင့် နိုင်ငံခြားသားတချို့ကိုလည်း တွေ့မြင်ရသည်။

ကရင်ရိုးရာဝတ်စုံများကို  ဒီဇိုင်းအမျိုးအမျိုး၊ အရောင်အမျိုးမျိုးဖြင့် ချုပ်လုပ်ရောင်းချသည့် ကရင်ဖက်ရှင်ဆိုင်တွင် အမျိုးသမီးများ တိုးဝှေ့နေကြသည်။ ထိုဆိုင်နှင့်ကပ်လျက် ရှိသည့် ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ စာအုပ်ဆိုင်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ ပြသထားပြီး ကရင့်ကြေးမုံ မဂ္ဂဇင်းအပါအဝင် စာအုပ်များကို ရောင်းချပေးသည်။ အဆိုပါအရောင်းဆိုင်မှ အနီရောင်ဝတ်စုံဖြင့် ကရင်အမျိုးသမီးငယ်တဦးက “ဒီနှစ်ကတော့ အရောင်းတော်တော်ကို ပါးတယ်။ မနေ့ကလည်း သိပ်မရောင်းရဘူး။ လူတွေ စီးပွားရေး ကျပ်တည်းကြတာကြောင့် အရောင်းပါးကုန်တယ်။ ၀င်တော့ ၀င်ကြည့်ကြတယ်၊ နည်းနည်းပါးပါးပဲ ၀ယ်နိုင်ကြတယ်” ဟု ပြောပြသည်။အရောင်းဆိုင်များတွင် ကြည့်ရှုသူများနှင့် စည်ကားလျက်ရှိသော်လည်း ပြခန်းများတွင်မူ လူဝင်လူထွက် နည်းပါးလျက်ရှိသည်ကို တွေ့ရသည်။
karen_new_year_2011_01ယဉ်ကျေးမှုပြခန်းတွင် ကရင်လူမျိုးတို့၏ သမိုင်းကြောင်းကို ခင်းကျင်း ဖော်ပြထား သော်လည်း အပြည့်အစုံ ဖော်ပြခွင့်မရှိဘဲ သက်ဆိုင်ရာက ခွင့်ပြုသလောက်ကိုသာ ပြသရကြောင်း၊ ကရင်အမျိုးသား ခေါင်းဆောင်ကြီးများ၏ ဓာတ်ပုံနှင့် ကိုယ်ရေး ရာဇ၀င်များကို ပြသခွင့်မပြုကြောင်း၊ ယခုနှစ်ပြခန်းတွင်လည်း ယခင်နှစ်ကကဲ့သို့ ပြည်ထဲရေးဌာနမှ စစ်ဆေးရေးဝင်ကာ ဖြုတ်ချခိုင်းခြင်းများလည်းရှိကြောင်း သိရသည်။

ယဉ်ကျေးမှုပြခန်းမှ ပိုးကရင်တိုင်းရင်းသား တဦးက “နှစ်တိုင်းလုပ်နေသလိုပါပဲ၊ ဟိုဟာဖြုတ်ဦး၊ ဒါလည်း ဖြုတ်ဦးဆိုပြီး ဖြုတ်ခိုင်းတာတွေ ရှိတာပေါ့။ အဲဒီလိုတွေ ဖြုတ်ရတော့ ဘာမှ သိပ်မကျန်တော့ဘူး။ လူတွေလည်း စိတ်ဝင်စားမှု နည်းကုန်တာပေါ့” ဟု ပြောသည်။

ကရင်တိုင်းရင်းသား တယောက်အနေဖြင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲနေ့ကို စိတ်တိုင်းကျ ပြုလုပ်ကျင်းပခွင့်ရသော ကရင့်နေ့အဖြစ်ကို ကြုံဖူးချင်သေးကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမည့် နေ့ကိုလည်း မျှော်လင့်မိကြောင်း အဆိုပါ ပိုးကရင် အမျိုးသားက ဆိုသည်။ယခုနှစ် ၂၇၅၀ ပြည့်နှစ်၊ ကရင် အမျိုးသားနှစ်သစ်ကူး ပွဲတော်ကို ရန်ကုန်တိုင်းတွင် အင်းစိန်၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊အလုံ၊ မရမ်းကုန်းစသည့် မြို့နယ်များရှိ ကရင်တိုင်းရင်းသားများ နေထိုင်ရာနေရာများတွင် ဇန်န၀ါရီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ပြုလုပ်ကျင်းပကြောင်း ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) က ပြောသည်။
အလံတင် အခမ်းအနား
ရန်ကုန်မြို့ အင်းစိန်မြို့နယ်၊ အာလိမ်ငါးဆင့် ဘုရားကျောင်းဝင်းနှင့် ကျမ်းစာကျောင်းအတွင်း ကျင်းပသော ၂၇၅၀ပြည့်နှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် မြင်ကွင်း။ (ဓာတ်ပုံ - ဧရာဝတီ)

ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်က နှစ်သစ်ကူးည မြင်ကွင်းပါ။ ပုံတွေ အခုမှ ရတာနဲ့ တင်ပေးလိုက်ပါတယ်။ ရန်ကုန်မှာ လူငယ်တွေ ဘယ်လို ပျော်အောင် နေကြတယ်ဆိုတာလေး ခံစားရအောင်လို့ပါ။ (ဓာတ်ပုံ - ဧရာဝတီ)

ကရင်နှစ်သစ်ကူး

ဒီနေ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ လုပ်တဲ့ ကရင်နှစ်သစ်ကူး။ (ဓာတ်ပုံ - ဧရာဝတီ)

မြန်မာပြည် တကယ် မလွတ်လပ်သေး၊ တိုက်ယူရဦးမည်။

နိုင်ငံကိုတော့ အပိုင်ချုပ်ထားလိုက်ပြီ၊ အေးဆေးပဲ ဟေး ... ဟေး၊ ဝေစားမျှစားပေါ့ကွာ။
လွတ်လပ်ရေးနေ့မှာ NLD ရုံးချုပ်မှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်တန်း ပါတီဝင်များ (ဓာတ်ပုံ - Getty Images)။ အောက်ကပုံကတော့ တွေ့ရသမျှ ဓာတ်ပုံအကုန်လုံးမှာ တဟဲဟဲလုပ်နေတာမြင်ရတဲ့ ဗိုလ်သန်းရွှေကို ညစာစားပွဲမှာ တွေ့ရပုံ (ဓာတ်ပုံ - AP)။

ချင်းမိုင်ရုက္ခစိုးနှင့် ချိတ်ဝတ် မာမီများ

ရန်ကုန်သားတာတေ Wednesday, ထွေရာလေးပါး
နေပြည်တော်ရှိ လွတ်လပ်ရေးနေ့ အလံတင် အခန်းအနားကြီး ဖိတ်ဖိတ် လက်နေသည်။ ရောက်ရှိသွားသော ဦးရုက္ခစိုးပင် နတ်ဖြစ်လျက်နှင့် အရောင်မှိန်သွား သောကြောင့် အားငယ်သွား၏။

ချိုကုပ်။     ။ ဟိုင်း … ဦးရုက္ခစိုး … ရောက်လာပြီလား။ ဒီကို သက်သက်ပဲလား။ ခင်ဗျားရဲ့ဘော်ဒါ ငရှုပ်တွေ မပါဘူးလား။
cmnatရုက္ခစိုး။     ။ နေရာတကာ ခေါ်မသွားနိုင်ပါဘူးဗျာ။ ဆီဈေးတွေက ကြီးကကြီးနဲ့။ ဒီတော့ ဆီမလိုတဲ့ကျုပ်ပဲ လာလိုက် တယ်လေ။ ကျုပ်ကတော့ ဒီကိုသက်သက်ပါပဲ။ လွတ်လပ်ရေးနေ့မှာ ဘာတွေများ လုပ်နေသလဲ လာကြည့်တာပါ။

ချိုကုပ်။     ။ အခု အလံတင်မယ်။ ညကျ ညစာစားပွဲ ကျင်းပမယ်။ ဒါပဲလေဗျာ။

ရုက္ခစိုး။     ။ လွတ်လပ်ရေးနေ့မှာ ခင်ဗျားရဲ့ ချိုကုပ်တွေကြည့်ရတာ မလွတ်မလပ် ဖြစ်နေသလားလို့။ တခုခုများ လွဲနေလား ချိုကုပ်ဒူးကြီး။

ချိုကုပ်။     ။ မလွဲပါဘူး ဦးရုက္ခစိုးရယ်။ အရပ်သားအစိုးရ အဖြစ် လျှောက်လှမ်းမယ့် အနာဂတ်နိုင်ငံတော်သစ်ကြီးဆီ ချီတက်ဖို့ အရပ်သား ဖြစ်ဖို့လိုတယ်မဟုတ်လား။ ဒါကြောင့် အရပ်သားအဖြစ် ကျင့်ခိုင်းနေတာ။ နည်းနည်းတော့ စနိုးစနောင့်နိုင်တာပေါ့။

ချိုကုပ်ဒူးကြီးစကားပင် မဆုံးသေး ချိုကုပ်တယောက် ကျွတ်နေသော ပုဆိုးကို စွန်တောင်ဆွဲကာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ ထို ချိုကုပ်မှာ အားလုံးက ၈ လုံးဟု သိထားသော ဦးသီဟ ကိုယ်ရ တင်ပြောင် မြင်းပြူး ဖြစ်နေသည်။

ချိုကုပ်။     ။ ဟဲ့ … ၈ လုံး … ဘယ်လိုဖြစ်လာတာလဲ။ ပုဆိုးမနိုင် ပုဝါမနိုင်နဲ့။

၈ လုံး။     ။ မနိုင်ဆို ဒါမျိုးကြီးကို တခါပဲ ဝတ်ဖူးသေးတာလေ ချိုကုပ်ဒူးကြီးရဲ့။ အခန်းအနားမစခင် အိမ်သာသွားမလို့ ထလိုက်တာ ဘေးက ကိုယ်ရ ရွှေပန်းက ပုဆိုးစတက်နင်းလိုက်လို့ ကျွတ်သွားတာ။ အခု ပြန်မဝတ်တတ်တော့ဘူး။
ပြောပြောဆိုဆိုနှင့် ၈ လုံးမှာ ပုဆိုးကို ကွင်းသိုင်းပြီး အိမ်သာရှိရာသို့ ဆောင့်ကြီးအောင့်ကြီးနှင့် ဆက်လက် ထွက်ခွာ သွားလေသည်။
ချိုကုပ်။     ။ ဒီ ရွှေပန်းတော့ကွာ … နရင်း ၂ ချက်လောက်တီးပြီး ရာထူးချဦးမှနဲ့တူတယ်။
ရုက္ခစိုး။     ။ နေပါဦး ချိုကုပ်ဒူးကြီးရဲ့ … ချိုပြုတ်တွေအကုန်လုံး ဝတ်ထားလိုက်ကြတာ … ကြိုးကြီးချိတ်တွေ ချည်းပဲ။ 

အပြည့်အစုံ သို့ 

No comments:

Post a Comment