Wednesday, January 26, 2011

လယ်သိမ်းခံရမှု ဦးဆောင်တရားစွဲသူကို ဖမ်းဝရမ်းထုတ် & ကျောက်မီးသွေး သတ္တုတွင်းကြောင့် ဒေသခံများ ထိခိုက် & ၅ သိန်းတန်ဖုန်း အင်တာနက် လိုင်းများတွင်လည်း ဆင်ဆာဖြတ်

လယ်သိမ်းခံရမှု ဦးဆောင်တရားစွဲသူကို ဖမ်းဝရမ်းထုတ်

စိုင်းဇွမ်ဆိုင်း Thursday, 20 January 2011 19:12
ကချင်ပြည်နယ် ဟူးကောင်း ဒေသတွင် ဒေသခံများ၏ လယ်မြေများကို အဓမ္မသိမ်းယူခဲ့သည့် အမှုနှင့် ပတ်သက်ပြီး ဦးဆောင် တရားစွဲဆိုခဲ့သည့် ဒေါ်ဘောက်ဂျာကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ၏ ညွှန်ကြားချက်ဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။
ndf-kachin မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ရုံးရှေ့ တွင် ဒေါ်ဘောက်ဂျာကို ဒေသခံ NDF ခေါင်းဆောင်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - ကချင်သတင်းစဉ်)
မြေသိမ်းမှုများကို ယုဇနကုမ္ပဏီမှ ပြုလုပ်ခဲ့ပြီး ပိုင်ရှင်ဖြစ်သူ ဦးဌေးမြင့်သည် စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင် တဦး အဖြစ် လူသိများကာ စစ်အစိုးရ၏ ကျောထောက်နောက်ခံ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ် တဦးလည်းဖြစ်သည်။ကချင်သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုနော်ဒင်းက ဒေါ်ဘောက်ဂျာကို ဖမ်းဆီးရန်အတွက် မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်က ပြီးခဲ့သည့် တနင်္လာနေ့တွင် အာဏာပိုင်များအား ညွှန်ကြားလိုက်ကြောင်း ပြောဆိုသည်။

ကိုနော်ဒင်းက “ဒေါ်ဘောက်ဂျာရဲ့ အမျိုးတွေကို ဆက်သွယ်စုံစမ်းကြည့်တဲ့အခါမှာ မြေသိမ်းတဲ့ အမှုတွေမှာ ဒေသခံတွေကို ဦးဆောင်ပြီး တရားပြန်စွဲတဲ့အတွက် အခုလို ဖမ်းဝရမ်းထုတ်တယ်လို့ သိရပါတယ်။ ယုဇန ကုမ္ပဏီက မြေသိမ်းလိုက်တယ် ဆိုတာက အစိုးရ စီမံကိန်းလို ဖြစ်နေတာလေ။ အခုလောလောဆယ်တော့ ဒေါ်ဘောက်ဂျာလည်း တိမ်းရှောင်နေတယ်” ဟု ဆိုသည်။ ဗိုလ်မှူးချုပ် ဇေယျာအောင်က ဒေါ်ဘောက်ဂျာကို ဖမ်းဆီးရန် ညွှန်ကြားပြီး နောက်တနေ့တွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များက သုံးဖွဲ့ခွဲကာ ဖားကန့်၊ တနိုင်း နှင့် မိုးညှင်းမြို့နယ်များရှိ ဒေါ်ဘောက်ဂျာ ရှိနိုင်မည့် နေရာများကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကိုနော်ဒင်းက ပြောသည်။

ဒေါ်ဘောက်ဂျာ ကမူ ၎င်းအား အာဏာပိုင်များက မည်သည့်အတွက်ကြောင့် ဖမ်းဆီးမည်ကို မသိရှိကြောင်း၊ သို့သော် ၎င်း ရှိနိုင်သည့် နေရာများသို့ အာဏာပိုင်အဖွဲ့များက ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေသည်မှာ ၃၊ ၄ ရက်ခန့် ရှိနေပြီ ဖြစ်ကြောင်း၊ ၎င်းအား ဖမ်းဆီးမည့် အကြောင်းအရာကို စုံစမ်းပြီး အာဏာပိုင်များကို ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနသို့ ပြောဆိုခဲ့သည်။ ဟူးကောင်းဒေသမှ မြေယာများကို ၂၀၀၇ ခုနှစ်တွင် စတင်သိမ်းယူခဲ့ပြီး ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်ဒေသ ရှိ ကျေးရွာများမှ မြေဧကပေါင်း ၁၃၀၀ ကျော်ကို မြေပိုင်ရှင် ၆၀၀ ကျော်ထံမှ သိမ်းယူခဲ့သည်။ အစိုးရ စိုက်ပျိုးရေး စီမံကိန်း များအတွက် သိမ်းယူခြင်း ဖြစ်သည်ဟု မြေပိုင်ရှင်တဦးက ဆိုသည်။  နစ်နာကြေးအနေဖြင့် ဒေသခံများ စိုက်ပျိုးရန်မြေယာများ အစားပြန်ပေးသော်လည်း ၎င်းတို့ ပြန်ပေးသည့် မြေများမှာ စိုက်ပျိုးရေး ပြုလုပ်ရန် လုံးဝမဖြစ်နိုင်သည့် မြေအမျိုးအစားများသာ ဖြစ်သဖြင့် ဒေသခံများအတွက် များစွာအခက်အခဲ ဖြစ်ရကြောင်း ၎င်းက ပြောသည်။

မြေသိမ်းခံရသူ ၆၀၀ ကျော်အနက်မှ ၂၁၄ ဦးတို့သည် အုပ်စု သုံးစုခွဲကာ ယုဇန ကုမ္ပဏီအား ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ပြီး တရားစွဲခဲ့သည်။ မြေစတင်သိမ်းသည့်နှစ်မှ ယနေ့အချိန်ထိ ၎င်းတို့မြေဆုံးရှုံးသဖြင့် ဒေသခံများက ကျပ်သိန်း ပေါင်း ၉၈၀၀ နစ်နာသည်ဟု ဆိုကာ အဆိုပါနစ်နာကြေးကို ယုဇန ကုမ္ပဏီထံသို့ တရားရုံးမှတဆင့် တောင်းဆိုခဲ့ကြ ကြောင်း သိရသည်။ ယခုလ ၇ ရက်နေ့တွင် မြေသိမ်းခံ လယ်သမားများအား လယ်တဧကလျှင် ကျပ် ၈ သောင်း၊ ယာတဧက ကျပ် ၆ သောင်း၊ ဥယျာဉ်ခြံမြေ တဧက ၃ သောင်းနှင့် နေအိမ်တအိမ် ၁ သိန်းခွဲနှုန်းဖြင့် အစိုးရ၏ သတ်မှတ် နှုန်းထားများအတိုင်း ယုဇန ကုမ္ပဏီမှ ပေးချေရန် ကချင်ပြည်နယ် တရားရုံးက အမိန့်ချခဲ့ပြီး ယင်းဈေးနှုန်းကို မကျေနပ်သည့် မြေပိုင်ရှင်များက ထပ်မံ တရားစွဲဆိုခဲ့သည်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဥပဒေအတိုင်ပင်ခံဖြစ်သူ ရှေ့နေကြီး ဦးအောင်သိန်းကမူ ဥပဒေအရ တစုံ တယောက်အား ဖမ်းဆီးရန် အတွက် စစ်တပ်ဘက်မှ ဝရမ်းထုတ်ပိုင်ခွင့်မရှိကြောင်း
၊ မပခ နှင့် တိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဇေယျာအောင် တို့သည် ၎င်းတို့နှင့် မဆိုင်သည့် အလုပ်များကို လုပ်နေခြင်းဖြစ်ကြောင်း ဦးအောင်သိန်းက ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်သည့် လှုပ်ရှားဆောင်ရွက်မှုများတွင် ဒေါ်ဘောက်ဂျာ ပါဝင် နေခြင်းကလည်း အာဏာပိုင်များ အနေဖြင့် ဖမ်းဆီးရန် အကြောင်းပြချက် တခုဖြစ်သည်ဟု ကိုနော်ဒင်းက ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်ဘောက်ဂျာသည် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ကို ကိုယ်စားပြုပြီး ဖားကန့်မြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ် စစ်ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့သည်။

စစ်တပ် လွှတ်တော် ကိုယ်စားလှယ်စာရင်း ထွက်ရှိ

ခင်ဦးသာ Friday, 21 January 2011 17:50
လွှတ်တော်အတွက် စစ်တပ်ကိုယ်စားလှယ် အမည်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်အစိုးရ သတင်းစာများတွင် ယနေ့ထုတ်ပြန် ကြေညာလိုက်သည်။သတင်းစာများ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် စစ်တပ် ကိုယ်စားလှယ် စုစုပေါင်း ၃၈၈ ဦး၏ အမည်စာရင်းအား ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ၏ လက်မှတ်ထိုး ထုတ်ပြန်ချက်ကို ဖော်ပြထားသည်။လက်ရှိ စစ်တပ် ကာကွယ်ရေး ဦးစီးချုပ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်သည်။ကြေညာချက်ပါ စစ်တပ် ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် အတွက် ကိုယ်စားလှယ် ၁၁၀ ၊ အမျိုးသားလွှတ်တော် အ တွက် ၅၆ ဦး၊ ပြည်နယ် နှင့် တိုင်းဒေသကြီး လွှတ်တော်များ အတွက် ၂၂၂  ဦးဖြစ်သည်။စစ်တပ်မှ ရွေးချယ်ထားသော လွှတ်တော်ကိုယ်စားလှယ် အဆင့်၌ ကရင်ပြည်နယ် လွှတ်တော်အတွက် ဗိုလ်မှူးချုပ်အဆင့်ရှိသူ တဦးသာ ပါရှိပြီး ပြည်သူ့လွှတ်တော်၌ ဗိုလ်မှူးကြီး အဆင့်ရှိသူ ၃ ဦး၊ အမျိုးသားလွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များအတွက် ဗိုလ်မှူးကြီး အဆင့်ရှိသူ ၁၄ ဦး ပါရှိသည်။

ကျန်ရှိသည့် စစ်တပ် ကိုယ်စားလှယ်များသည် ဗိုလ်မှူးအဆင့်နှင့် ဗိုလ်ကြီး အဆင့် ရှိသူများ ဖြစ်သည်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ ယင်း စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း သည် အရွေးချယ်ခံစရာ မလိုအပ်ဘဲ လွှတ် တော် ကိုယ်စားလှယ် အဖြစ် တက်ရောက်ခွင့် ရှိသည်။၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပါ အကြောင်းအရာ တခုခုအား ပြုပြင်ပြောင်းလဲမည် ဆိုပါက ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်  တော် မှ လွှတ်တော် ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းကျော်မှသာ ပြုပြင် ပြောင်းလဲပိုင်ခွင့် ရှိသည်။စစ်တပ်မှ ၂၅ ရာခိုင်နှုန်း ယူထားပြီးဖြစ်သောကြောင့် စစ်တပ်၏ ထောက်ခံမှု မပါဘဲ ဖွဲ့စည်းပုံအား ပြုပြင် ပြောင်းလဲရန် ခက်ခဲ မည် ဖြစ်သည်။ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူမည့် လွှတ်တော်အသီးသီး၌ စစ်တပ်ကိုယ်စားလှယ်နှင့် စစ်ယူနီဖောင်းချွတ်ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ( ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ် စုစုပေါင်းသည် ၈၀ ရာခိုင်နှုန်းကျော် ရှိမည်ဖြစ်၍ ကျန် ကိုယ်စားလှယ် အရေအတွက်သည် ၁၀ ရာခိုင်နှုန်း ကျော်သာ ရှိမည်ဖြစ်သည်။

ကြံ့ဖွံပါတီသည် လွှတ်တော်အသီးသီး၌ အင်အားအကြီးဆုံး ပါတီတခုဖြစ်ပြီး ပါတီ၏ ဥက္ကဋ္ဌမှာ လက်ရှိအစိုးရ၏ ၀န်ကြီးချုပ် ဦးသိန်းစိန် ဖြစ်သည်။နအဖ အစိုးရ၏ နံပါတ် ၃ အဆင့်ရှိသော ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း၊ အတွင်းရေးမှူး (၁) သီဟ သူရ ဦးတင်အောင်မြင့်ဦး စသော ဗိုလ်ချုပ်ကြီးဟောင်းများနှင့် လက်ရှိဝန်ကြီး အဆင့်ရှိသူများ သည် ကြံ့ဖွံ့ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည်။ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူမည့် အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော် အစည်းအဝေးများမှ ဒု သမ္မတ ၃ ဦး ရွေးချယ်ရာတွင် စစ်တပ်ကိုယ်စားလှယ် တဦး၊ ရွေးကောက်ခံ အရပ်သားများမှ ၂ ဦးကို ရွေးချယ်ကြမည် ဖြစ်သည်။ထို ၃ ဦးထဲမှ တဦးအား သမ္မတ အဖြစ်ရွေးမည် ဖြစ်ပြီး သမ္မတသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အမြင်ရှိသူ ဖြစ် ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံက ဆိုထားသည်။နိုင်ငံတော် သမ္မတနှင့် ဒု သမ္မတ များသည် ရွေးကောက်ခံ လွှတ်တော်အမတ် ဖြစ်ရန်မလိုဟုလည်း ဖွဲ့စည်းပုံ၌ ဖော်ပြထားပြီး  ၅ နှစ် သက်တမ်း၂ ကြိမ်သာ တာဝန်ထမ်းဆောင်ခွင့် ရရှိမည် ဖြစ်သည်။အသက် ၇၇ နှစ်ဝန်းကျင် ရှိသော  စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လာမည့်အစိုးရသစ်တွင် သမ္မတ အဖြစ် တာဝန်ယူထားပြီး ဖြစ်ကြောင်း ဧရာဝတီမှ မကြာသေးခင်က ရရှိခဲ့သော အတည်မပြုနိုင်သည့် သတင်းများအရ သိရသည်။

ကျောက်မီးသွေး သတ္တုတွင်းကြောင့် ဒေသခံများ ထိခိုက်

ကိုထွေး Thursday, 20 January 2011 20:18
ရှမ်းပြည်တောင်ပိုင်း ပင်လောင်း မြို့နယ် တီကျစ်ရှိ ကျောက်မီးသွေး သတ္တုတွင်းနှင့် လျှပ်စစ်ဓာတ်အားထုတ် စက်ရုံကြောင့် လေနှင့် ရေထုညစ်ညမ်းကာ လူ ၁၂,ဝဝဝ နီးပါး၏ စိုက်ပျိုးရေး လုပ်ငန်းနှင့် ကျန်းမာရေး တို့ကို ခြိမ်းခြောက်လျက် ရှိသည်။
PoisonClouds ကျောက်မီးသွေး စက်ရုံအနီးတွင် ဒေသခံ တဦး တောင်ယာအလုပ်လုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - PYO)
ပအိုဝ်းလူငယ် အစည်းအရုံး (PYO)နှင့် ချိုစွူ လှုပ်ရှားမှု ကွန်ယက် (Kyoju Action Network- KAN) က ယနေ့ ထုတ်ဝေသည့် “အဆိပ်သင့် တိမ်များ” အမည်ရ အစီရင်ခံစာတွင် ယင်းသို့ ရေးသားထားသည်။ အဆိုပါ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံမှ ပြဒါး၊ ခဲ၊ အာဆင်းနစ် ဓာတ်များပါဝင်သည့် ကျောက်မီးသွေးပြာမှုန် တန် ၁၀၀- ၁၅၀ခန့် ထုတ်လုပ်လျက်ရှိကြောင်းလည်း သိရသည်။ယခင်နှစ်များမှ စတင်၍ ပြာမှုန်များကို ဒေသခံလမ်းများပေါ်တွင် ခင်းစေသည့်အတွက် ဒေသခံ ၅၀ ရာခိုင်နှုန်းကျော်မှာ အရေပြားရောဂါ ခံစားနေရကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။

“ချောင်းကရေနဲ့ ကောင်းကင်က တိမ်တွေမည်းမှောင်လာတယ်၊ ဒီအဆိပ်သင့် ညစ်ညမ်းတဲ့ မြေယာထဲမှာ ကြီးပြင်းလာမယ့် နောက်နောင် ကျနော်တို့ မျိုးဆက်တွေ ဘာဖြစ်သွားနိုင်မလဲ” ဟု PYO အဖွဲ့မှ ခွန်ချန်ကီက ဆိုသည်။စက်ရုံမှ လွင့်လာသည့် အဆိပ်သင့် ပြာမှုန်များသည် ဒေသတွင်းလမ်းများပေါ်နှင့် ရေတွင်းရေကန်များထဲသို့ ကျရောက် စီးဝင်ကြသည့်အတွက် ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေကြောင်း၊ ၊ ပြာမှုန့်များမှ အဆိပ်ဓာတ်သည် မြေအောက်ရေကိုပါ အဆိပ်သင့်စေကြောင်းလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

ကျောက်မီးသွေးတွင်းမှ ထွက်လာသည့် မြေစာပုံများသည် တောင်ကြီးများသဖွယ်မြင့်တက်လာပြီး ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် အပြင် ကျောက်မီးသွေးတွင်းကို နက်သည်ထက်နက်ရန် တူးသည်နှင့်အမျှ မြေအောက်ရေ ကြောများကို ထိခိုက်ကာ သတ္တုတွင်းအတွင်း ရေလျှံမှုများ ဖြစ်ပေါ်လာကြောင်းလည်း ပါရှိသည်။၂၀၀၁ ခုနှစ် စက်တင်ဘာလတွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက စက်ရုံတည်ဆောက်ရန် နေရာရွေးချယ်ပေးခဲ့ပြီး စိုက်ပျိုးမြေ ဧက ၁၀၀ ကျော်ကို သိမ်းယူရန်အမိန့်ပေးခဲ့ကြောင်းလည်း သိရသည်။သတ္တုတွင်းတွင် လုပ်ကိုင်ဆောင်ရွက်သူသည် မြေယာပိုင်ဆိုင်သူထံမှ စီမံကိန်း မစတင်မီ ခွင့်ပြုချက်ရယူရမည်ဟု မြန်မာနိုင်ငံ သတ္တုတွင်း ဥပဒေ (၁၉၉၄)တွင် ရေးသားထားသော်လည်း စိုက်ပျိုးမြေဧက ၅၀၀ ကျော်ကို သိမ်းယူကာ လိုင်ခါးနှင့် တောင်ပို့လ ကျေးရွာများကို အတင်းအကျပ် ပြောင်းရွှေ့ စေခဲ့ကြောင်း၊ မိသားစု တခုလျှင် အများဆုံး လျော်ကြေးငွေ ၁၇၀၀၀၀ ကျပ်ကိုသာ ရရှိခဲ့ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

ကျောက်မီးသွေးတွင်းနှင့် စက်ရုံကို တရုတ်နိုင်ငံ အမျိုးသား အကြီးစား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း (CHMC)က ရှမ်းရိုးမနဂါးနှင့် ဧဒင်အုပ်စု ကုမ္ပဏီတို့က ဖက်စပ်ဆောင်ရွက်ခဲ့ပြီး စက်ရုံအတွက် အမေရိကန် ဒေါ်လာ ၄၂. ၉၃ သန်းရင်းနှီး မြုပ်နှံခဲ့ကြောင်လည်း ဆိုသည်။ “မြန်မာပြည်မှာက အစိုးရလုပ်ချင်သလို လုပ်လို့ရတယ်၊ တရားဥပဒေမစိုးမိုးဘူး၊ ဒါကြောင့် တရုတ်တွေက မြန်မာပြည် ကို စိတ်ဝင်စားတယ်၊ ဒီစီမံကိန်းဟာ တကယ်တော့ ဒေသခံလူထုအတွက် မဟုတ်ဘူး၊ တရုတ်တွေ အတွက်သာ ဖြစ်တယ်” ဟု ခွန်ချန်ကီ ကဆိုသည်။ ကျောက်မီးသွေးလျှပ်စစ်စက်ရုံမှ တနှစ်လျှင် ကျောက်မီးသွေး ၆၄၀၀၀၀ တန်အသုံးပြုနေပြီးလျှပ်စစ် မီဂါဝပ် ၁၂၀ ကိုထုတ်လုပ်မည်ဖြစ်သည်။ယင်းလျှပ်စစ်ဓာတ်အားကို ယင်းဒေသရှိ နဂါးဘိလပ်မြေစက်ရုံသို့ တင်ပို့ပေးနေပြီး ပင်းပက် သံရည်ကြို စက်ရုံသို့တင်ပို့ ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျောက်မီးသွေး သတ္တုတွင်းမှလည်း နေ့စဉ် လစ်ဂနိုက်နှင့် ဘစ်တူမိနပ်စ် ကျောက်မီးသွေး အမျိုးအစား တန်ချိန် ၂၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး လစ်ဂနိုက်ကျောက်မီးသွေးသည် ကာဗွန်ဒိုင် အောက်ဆိုဒ် အများဆုံးထွက်သည့် ပတ်ဝန်းကျင် အညစ်ညမ်းဆုံး ဖြစ်စေနိုင်သည့် ကျောက်မီးသွေးလည်းဖြစ်သည်။
အဆိုပါ စက်ရုံနှင့် သတ္တုတွင်းသည် အင်းလေးကန်၏ ၁၃ မိုင် အကွာ ရေဝေရေလဲဒေသအတွင်း တည်ရှိသည့် အပြင် အင်းလေးကန်အတွင်းသို့ စီးဝင်နေသည့် ဘီလူးချောင်းသည် စက်ရုံမှ စွန့်ပစ်ပစ္စည်းများကြောင့် ရေထုညစ်ညမ်း စေကြောင်းလည်း ဆိုသည်။အင်းလေးကန်ရေခန်းခြောက်ရသည့် အကြောင်းအရင်းသည် ယင်းစက်ရုံ သတ္တုတွင်းများနှင့် ဆက်စပ်မှုရှိကြောင်း လည်း ခွန်ချန်ကီက ပြောသည်။“ဒီစီမံကိန်းမှာ စစ်အစိုးရ ခေါင်းဆောင် မောင်အေးနဲ့ အကျိုးတူ ကုမ္ပဏီတွေ ပါဝင် ပတ်သက်နေလို့ အင်းလေးကန် ရေးခန်းတော့ အစိုးရက ဒီကိစ္စကို မပြောဘူး” ဟု ခွန်ချန်ကီက ဆိုသည်။

ကုမ္ပဏီများက ကျောက်မီးသွေးကို မြေအောက်ဥမင် စနစ်ဖြင့် ထုတ်လုပ်နေသောကြောင့် ကျေးရွာ လူထုများမှာ မြေပြိုကျမည့် အရေးကို စိုးရိမ်နေကြောင်း တူးဖော်ရရှိသည့် ကျောက်မီးသွေးများကို တွင်းဘေးနှင့် လယ်မြေကွက် များတွင် ဖြစ်သလို ပုံထားသည့်အတွက် မြေဆီအရည်အသွေးကို ပျက်စီးစေကြောင်းလည်း သိရသည်။“အင်းလေးကန် ပျက်စီးမှာကို စိုးရိမ်လို့ထုတ်တာပါ၊ အင်းနဲ့ ပင်လောင်းက လွှတ်တော်အမတ်တွေ လွတ်တော်မှာ သယ်သွားနိုင်အောင်လည်း မရရတဲ့ နည်းလမ်းရှာပြီးပို့သွားမယ်” ဟုလည်း ခွန်ချန်ကီက ပြောသည်။ အင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက အင်းလေးကန် စိမ်းလန်းစိုပြေရေးကို အရေးပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယခင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။မြန်မာနိုင်ငံတွင် အကြီးစားကျောက်မီးသွေးသိုက် (၁၆) ခုရှိပြီး ထိုင်းနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတခုဖြစ်သည့် အီတာလျံထိုင်း ကုမ္ပဏီနှင့် ထားဝယ်ရေနက် ဆိပ်ကမ်းဆောက်လုပ်ရန်ချုပ်ဆိုခဲ့သည့် သဘောတူ စာချုပ်တွင်  အရှေ့တောင်အာရှ၏ အကြီးဆုံး ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်စက်ရုံကို ထားဝယ်အနီး တည်ဆောက်ရန် စီမံထားကြောင်းလည်း သိရသည်။

PYOသည် ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပင်းပက်သံသတ္တုတွင်းနှင့် အမှတ် ၅ သံမဏိစက်ရုံ နေရာတို့ကို လေ့လာသုတေသနပြုကာ “အနာဂတ်ကို လုယူဖျက်ဆီးခြင်း” အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ KAN သည် ၂၀၁၀တွင် ဒေသခံများ ကိုယ်တိုင်ကိုယ်ကျ သဘာဝအရင်းအမြစ်ကို ထိန်းသိမ်းခြင်းစွမ်းရည် မြင့်မားလာစေရန် စတင်တည်ထောင်ခဲ့သည်။
-
စူနာမီ လှိုင်း
Shine........
wave.sunami@gmail.com

ဘီရုမာ Tuesday, 04 January 2011 17:42 ကာတွန်း
ca-jan-04-11

ဘီရုမာ Friday, 14 January 2011 19:13 ကာတွန်း
Beruma615







ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

မင်းနိုင်သူ Friday, 21 January 2011 18:49
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ဖိရုမ်းနှင့် ရန်ကုန်မြို့ ထိုင်းသံရုံး၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။
headquarters-ds ၂၀၁၀ ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ NLD ရုံးချုပ် ၌ ပြုလုပ်သော လူငယ်များနှင့် တွေ့ဆုံပွဲတွင် အမှာစကား ပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)
“မနက် ၉ နာရီကနေ ၁၀ နာရီလောက်အထိ ထိုင်းသံရုံးမှာပဲ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ပွင့်လင်း ရင်းနှီးမှုရှိတဲ့ ဆွေးနွေးပွဲတခု ဖြစ်မြောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဆွေးနွေးချက် အသေးစိတ်ကိုတော့ ဒေါ်အောင်ဆန်းကြည်က ပြောဆိုခြင်း မရှိသေးပါဘူး”ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောသည်။ယခုတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည် လွတ်မြောက်ခဲ့ ပြီးနောက် နိုင်ငံခြားရေး ၀န်ကြီး တဦးနှင့် ပထမအကြိမ် လူချင်းတွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။

မစ္စတာ ကဆစ်သည် လွန်ခဲ့သည့် တနင်္ဂနွေနေ့က အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး၌ အာဆီယံ အဖွဲ့ကြီးအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်ဟု ကမ္ဘာသို့ အသိပေးရမည် ဖြစ်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ စစ်အစိုးရအကြား အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် ၊ တိုင်းရင်းသား အဖွဲ့များအနေဖြင့် စစ်အစိုးရနှင့် တိုက်ခိုက်မှုများ ရပ်တန့်ရန်တို့ကို တိုက်တွန်းကြရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုင်း နိုင်ငံခြားရေး ၀န်ကြီးနှင့် ဆွေးနွေးပွဲသည်  ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တယ်လီဖုန်း ဆက် သွယ် ပြောဆိုမှုအပြီး ၂ ရက်အကြာတွင် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ၄င်း၏ နေအိမ်တွင် စစ်အစိုးရပိုင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ အင်တာနက် တပ်ဆင် ခွင့် ရရှိခဲ့ပြီး ယနေ့ အပြီးသတ် တပ်ဆင်နေကြောင်း သိရသည်။“အခုမြန်မာပြည်မှာ ချထားပေးနေတဲ့ Mcwill ( Multi Carrier Wireless Local Loop ) အမျိုးအစားလိုင်းကို သုံးခွင့်ရတာပါ။ ကနဦး ပေးသွင်းငွေ ဆယ်သိန်း နှစ်သောင်း ကျပ် ပေးရတယ်။ အခု ရက်သတ္တ တပတ်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် အင်တာနက် သုံးမယ် ထင်ပါတယ်”ဟု ဦးအုံးကြိုင်က ပြောသည်။၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီသည် နအဖ စစ်အစိုးရ ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီထပ်မံ မှတ်ပုံတင်ခြင်း မပြုသောကြောင့်၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို တရားဝင် ရပ်တည်ခွင့်မရှိကြောင်း ကြေညာခဲ့သည်။ထိုကဲ့သို့ ကြေညာခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တရားရင်ဆိုင်နေရာ ပါတီရပ်တည်ခွင့် အထူးအယူခံ ကြားနာမှုကို လာမည့် တနင်္လာနေ့တွင် နေပြည်တော် တရားရုံးချုပ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ခရီးသွားလုပ်ငန်းများ အရှုံးပေါ်

နရီလင်းလက် Saturday, 22 January 2011 13:39
ပြည်ပ ခရီးသွားဧည့်သည် ၀င်ရောက်မှု များလာသော်လည်း ယမန်နှစ်ကထက် ဒေါ်လာဈေး ကျသောကြောင့် ပြည်တွင်းရှိ ခရီးသွား ကုမ္ပဏီများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။၂၀၀၉ နှစ်ကုန်ပိုင်းမှ စတင်၍ ၂၀၁၀ ပြည့်နှစ်အတွင်း ခရီးသည် ၀င်ရောက်မှု နှုန်းမှာ ၃ သိန်းခွဲခန့်ရှိလာသောကြောင့် ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းအထိ ခရီးသည် ၀င်ရောက်မှုနှုန်းနှင့် နှိုင်းယှဉ်ပါက ၂ သိန်းကျော် တိုးတက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် နီးစပ်သူများက ပြောသည်။
tourists-take-bullock ၂၀၀၉ ခုနှစ် အောက်တိုဘာလ အတွင်းက နိုင်ငံခြားသား ဧည့်သည်များ နွားလှည်းစီး၍ ပုဂံဒေသ၌ လည်ပတ်သွားလာကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
စာရင်းဇယားများအရ နိုင်ငံခြားသား ဧည့်သည် လာရောက် လည်ပတ်မှုများသည့် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီသို့ နိုင်ငံခြားသား လာရောက်မှုသည် ၂၀၀၉ ခုနှစ်က ၁၁၃၅၂၉ ဦး ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ၁၇၅၀၅၄ အထိ တိုးတက် များပြားခဲ့ကြောင်း သိရသည်။“လက်ရှိ အခြေအနေမှာ နိုင်ငံပေါင်းစုံ ပေါင်းလိုက်ရင် Package (ပို့ဆောင်၊ တည်းခို၊ စားသောက် ပုတ်ပြတ်) အနေနဲ့ အရင်နှစ်က ၃၀ လောက် ရောင်းခဲ့ရတယ် ဆိုပေမယ့် အခုက ၆၀၊ ၇၀ လောက် ရောင်းထားရတယ်။ ဒီလို ရောင်းတာကလည်း ၂၀၀၉  နှစ်စ ကတည်းက Package ထဲမှာ ဘယ်လိုခရီးစဉ်တွေ ပါဝင်တယ်၊ ဘယ်နှည၊ ဒေါ်လာ ပေါက်ဈေးက ဘယ်လောက် ဆိုပြီး ကြိုရောင်းထားတာပါ။ အရင်နှစ်ထက် ဒေါ်လာဈေးကျတဲ့ အချိန်မှာတော့ ခရီးစဉ်အားလုံး မမြတ်တဲ့အပြင် ရှုံးတယ်”ဟု ယူနိုက်တက် ခရီးသွားလာရေး ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။

ဆက်လက်၍ ၎င်းက ခရီးသည် မလာသောကြောင့် ရှုံးခြင်းမဟုတ်ဘဲ ငွေဈေးကျ သောကြောင့် ရှုံးခြင်း ဖြစ်ကြောင်း၊ package များကို လက်ခံထားပြီး ဖြစ်သောကြောင့် အစီအစဉ် ဖျက်သိမ်းလျှင် မျက်နှာပျက်ကာ ကုမ္ပဏီ စီးပွားရေး ထိခိုက်မည် ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေအရ ခရီးသွား ကုမ္ပဏီများ အကျပ်အတည်း ကြုံတွေ့နေရကြောင်း ရှင်းပြသည်။

“ခရီးစဉ်အသစ်တွေ ရောင်းတဲ့ အခါကျရင် အရင်လို ၁ နှစ် တခါ စာရင်းပို့ပေးတာ မဟုတ်ဘဲ ၂ လ တကြိမ်လောက် ဈေးနှုန်း အပြောင်းအလဲ ပို့တာမျိုး ပုံစံပြောင်းရမှာပေါ့။ ဒီလို လုပ်ပြန်ရင်လည်း ဈေးနှုန်း ခဏခဏပြောင်းတယ်ဆိုပြီး နည်းနည်း ပြဿနာ တော့ ရှိလာနိုင်တာပေါ့”ဟု ယူနိုက် တက် ခရီးသွား ကုမ္ပဏီ တာဝန်ရှိသူ က ဆိုသည်။
၂၀၁၀ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သော မြန်မာ့ ကျောက်မျက်ရတနာပြပွဲ မတိုင်မီ တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၉၀၀ ကျပ် ဝန်းကျင် ဈေးပေါက်ခဲ့သည်။ ယနေ့တွင် ၁ ဒေါ်လာလျှင် ၈၆၀ ကျပ်ဝန်းကျင်သာ ရှိတော့သည်။ “ဥပမာ ရန်ကုန် - မန္တလေး - ပုဂံ packageတခုကို အစ်မတို့က ဒေါ်လာ ၁၀၀၀ နဲ့ ရောင်းထားတယ်ဆိုပါတော့။ တဒေါ်လာ ကို ၁၀၀၀ ကျပ် ပေါက်ဈေးနဲ့ဆို မြန်မာငွေ ကျပ် ၁၀ သိန်း ရမယ်။ ဒီလို မဟုတ်ဘဲ ဈေးကျလို့ ၈၀၀ ကျပ်နဲ့ တွက်မယ်ဆို ကုမ္ပဏီ ဘက်က ကျပ် ၂ သိန်း ရှုံးမယ်။ အဲဒီတော့ လက်ခံထားတဲ့ အရေအတွက်များလေ ပိုရှုံးလေပဲ။ အခုက Package တွေ မရောင်း ရ ပါစေနဲ့လို့တောင် ဆုတောင်းနေရမယ့် အနေအထားမျိုး”ဟု Diamond View ခရီးသွား ကုမ္ပဏီမှ ၀န်ထမ်းတဦးက ပြော သည်။

အဆိုပါ အကျပ်အတည်း များကြောင့် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများ အရှုံးခံကာ ၀န်ဆောင်မှု ပေးရန် စီစဉ်ကြသော်လည်း သတ်မှတ်ထားသည့်ရက် အတိုင်းအတာကို လျှော့ချခြင်း စသည်ဖြင့် အရှုံးနည်းစေရန် ပြင်ဆင်ရကြောင်း၊ ငွေကြေး တောင့် တင်းသည့် ခရီးသွားလာရေး ကုမ္ပဏီကြီးများအနေဖြင့် အရှုံးခံနိုင်သော်လည်း ငွေကြေး အနည်းငယ်နှင့် လည်ပတ် နေရသည့် တချို့သော ခရီးသွား အေဂျင်စီများမှာမူ ခရီးစဉ် ဖျက်သိမ်းလိုက်ရခြင်းမျိုး ရှိကြောင်း ဧည့်လမ်းညွှန်တဦးက ဆိုသည်။
“တချို့ ခရီးသွားလာရေး ကုမ္ပဏီတွေဆို ဒေါ်လာဈေးက အရမ်းကျနေတယ်၊ Package တွေ ရောင်းထားပြီးသားဆိုတော့ အရှုံးခံပြီး လိုက်တော့ ပို့ပေးတယ်။ ဒါပေမယ့် ခရီးစဉ်ရက်ကို ၁၀ ရက်ကနေ ၇ ရက်လောက် ချုံ့လိုက်တာမျိုး၊ ဘွတ်ကင်တွေ လက် မခံ တော့ဘူး ဆိုတာမျိုးတွေ လုပ်ရတာပေါ့”ဟု ပြည်တွင်း ပြည်ပ ခရီးသွားလာရေး ၀န်ဆောင်မှု လုပ်ကိုင်နေသည့် အေဂျင်စီ ၀န်ထမ်း တဦးက ပြောသည်။

ဒီဇင်ဘာ၊ ဇန်န၀ါရီ လများအတွင်း ပြည်ပခရီးသည် ၀င်ရောက်လာမှု နှုန်းမှာ မြင့်တက်နေသော်လည်း ပြီးခဲ့သည့် လအတွင်း ကျင်းပသွားသည့် ကျောက်မျက်ရတနာပြပွဲတွင် နိုင်ငံခြားငွေ အလုံးအရင်းနှင့် ၀င်ရောက်လာသောကြောင့် မြန်မာငွေဈေး မြင့် တက်လာမှု၊ ဒေါ်လာဈေး ဆက်တိုက် ကျဆင်းနေမှုများကြောင့် ထင်သလောက် ခရီးသွားလုပ်ငန်းများ စီးပွားမဖြစ်ကြောင်း ခရီးသွားကား အငှားဝန်ဆောင်မှု လုပ်ကိုင်နေသည့် ကုမ္ပဏီတခုမှ မန်နေဂျာ တဦးက ပြောသည်။“တနှစ်မှာ ၃ ကြိမ်လုပ်တဲ့ ကျောက်မျက်ရတနာပွဲကြောင့် တရုတ်ကုန်သည်တွေ စီးပွားရေးအနေနဲ့ ၀င်လာတာရှိတယ်၊ လည် ပတ်ဖို့ဆိုပြီး ရောက်လာတဲ့ အနောက်ဥရောပ ဂျာမန်တို့ ပြင်သစ် တို့က လူတွေရှိတယ်။ ခရီးသွား အေဂျင်စီက လည်ပတ်တဲ့ လူတွေကို မှီခိုရတာ များတယ်။ နိုင်ငံခြားသားကတော့ ဒေါ်လာနဲ့ ရှင်းမှာပဲ။ နဂိုကတည်းက ဈေးသတ်မှတ်ထားပြီးသား ကုမ္ပဏီ ဆို အရှုံးခံပြီးသာ ပို့တော့ပဲ။ အခု အခြေအနေက နိုင်ငံခြားသား မလာတာကို ပူရတဲ့ အချိန်မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီကြီးများထဲတွင် Package Tour ဖြင့် ခရီးစဉ်များကို ကြိုတင်ရောင်းချထားသော ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီကြီးများအနေနှင့် ဒေါ်လာဈေး ကျဆင်းပါက ထိခိုက်မှုများရှိသည်ဟု Ayarwaddy Legend Travel & Tour မှ Tour မန်နေဂျာ မသီတာကလည်း ပြောသည်။ခရီးသွားရာသီ ဖြစ်သည့် ဒီဇင်ဘာ၊ ဇန်န၀ါရီ ၊ ဖေဖော်ဝါရီ လများတွင် ပြည်ပနှင့် ချိတ်ဆက်လုပ်ကိုင်နေသည့် ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီကြီးများတွင် လက်ခံထားသည့် ခရီးစဉ်များ ပြည့်နေကြောင်း၊ ပြည်ပ ခရီးသည် လည်ပတ်မှုများသည့် ရခိုင်ပြည်နယ် မြောက်ဦး၊ ပုဂံ နှင့် မန္တလေး ခရီးစဉ်များကို ရောင်းချရမှု ပိုများပြီး ဒီဇင်ဘာလမှ ဖေဖော်ဝါရီလ အထိ သွားရောက်ရန် စာရင်းပေးထားသည့် ဧည့်သည်များနှင့် ပြည့်နေကြောင်း ခရီးသွား ကုမ္ပဏီကြီးများက ဆိုသည်။၂၀၁၀ ပြည့်နှစ်အတွင်း စပိန်၊ ပြင်သစ်၊ ဂျာမန်၊ အမေရိကန်နိုင်ငံများမှ ခရီးသွားများအပြင် အာရှ နိုင်ငံများ ဖြစ်သော တရုတ်၊ ထိုင်း စသည့် နိုင်ငံများမှ ခရီးသွားများလည်း လာရောက် လည်ပတ်မှုများ ရှိခဲ့သည်ဟု သိရသည်။

ယမန်နှစ် ဒီဇင်ဘာ နှောင်းပိုင်း အချိန်ထိ အမေရိကန် ဒေါ်လာသည် စံချိန်တင် ကျဆင်းခဲ့ပြီး ကျောက်မျက်ရတနာပြပွဲ အပြင် သဘာဝဓာတ်ငွေ့၊ သစ်တောထွက်ပစ္စည်းများ ရောင်းချခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ နိုင်ငံခြားငွေ ဘီလီယံနှင့် ချီကာ ၀င်ရောက်ခဲ့သည်ဟု တရားဝင် ထုတ်ပြန်ချက်များက ဆိုသည်။ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် မြန်မာပြည်သို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရန် စိတ်ဝင်စားမှု မြင့် တက် လာခဲ့သည်။
အမေရိကန် အခြေစိုက် ထိပ်တန်း ခရီးသွားလုပ်ငန်းကြီး တခုက ယခင်က မြန်မာပြည်သို့ မလည်ပတ်ရန် ကန့်ကွက်မှုများကြောင့် နိုင်ငံခြားသားများ စိတ်ဝင်စားမှု နည်းခဲ့ကြောင်း၊ သို့သော် မကြာသေးမီမှစ၍ မြန်မာပြည် ခရီးစဉ်အတွက် စီစဉ်ပေးရန် တောင်းဆိုမှု များပြားလာကြောင်း၊ အလည်အပတ်သွားရန် လက်မှတ်ကြိုတင် ဝယ်ယူမှု ၃ ဆ မြင့်တက်လာကြောင်း ထုတ်ဖော် ပြောဆိုသည်။

ဘန်ကောက် အခြေစိုက် အာရှ - ပစိဖိတ် ခရီးသွားဝန်ဆောင်မှု အသင်း၏ အဆိုအရ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ၀င်ရောက် မှုသည် ၂၀၁၀ ပြည့်နှစ်တွင် ၂၀၀၉ ခုနှစ်ကထက် မြင့်တက်လာပြီး ဥရောပ နိုင်ငံများမှ ၂၂ ရာခိုင်နှုန်း၊ အမေရိကန် နိုင်ငံမှ ၈ ရာခိုင်နှုန်း ဝင်ရောက်သည်ဟု သိရသည်။မြန်မာပြည်သို့ ပြည်ပ ခရီးသွားဧည့်သည် ၀င်ရောက်မှုနှုန်းသည် ၃၀ ရာခိုင်နှုန်းခန့် တိုးတက်လာသည် ဆိုသော်လည်း သိန်း ဂဏန်း သာရှိပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ၏ တနှစ် ခရီးသည် ၀င်ရောက်မှုနှုန်းမှာ ၁၄ သန်း၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများသို့ ခရီးသည် လာရောက်မှု နှုန်းမှာ ၂ သန်း ခန့်ရှိနေသည်။

၅ သိန်းတန်ဖုန်း အင်တာနက် လိုင်းများတွင်လည်း ဆင်ဆာဖြတ်

မိုးယံ Friday, 21 January 2011 16:11
ရန်ကုန်နှင့် မန္တလေးမြို့တွင် ချထားပေးသော ၅ သိန်းတန် CDMA 800 MHz ဖုန်းများ အင်တာနက် စတင်သုံးစွဲခွင့် ပြုခဲ့ရာတွင် နိုင်ငံရေးနှင့် ပတ်သက်သော ဝက်ဘ်ဆိုဒ်များ၊ အစိုးရက တားမြစ်ထားသော သတင်းဝက်ဘ်ဆိုဒ်များကို ကြည့်ရှုခွင့် ပိတ်ပင်ထားကြောင်း ရတနာပုံ တယ်လီပို့နှင့် မြန်မာ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ သိရသည်။
mobile-800-shop ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းဟန်းဆက် အရောင်းဆိုင်တဆိုင်တွင် CDMA 800 MHz ဖုန်းဟန်းဆက် ၀ယ်ယူရန် မေးမြန်းနေသူတဦး။ (ဓာတ်ပုံ - Myanmar Times)
ကျပ် ၅ သိန်းတန်ဖုန်း CDMA 800 MHz များ Network မိလျှင် အင်တာနက် အသုံးပြုနိုင်သော EDVO Dater Service စနစ်ပါ SIM ကတ်ကို ငွေကျပ်သုံးသောင်းဖြင့် လဲလှယ်ပြီး အင်တာနက် သုံးစွဲနိုင်သည်။
“၀န်ကြီးဌာနက ပိတ်ထားတဲ့ ဆိုဒ်တွေ ကြည့်လို့မရဘူး။ ညစ်ညမ်း ဗီဒီယိုတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဗွီဒီယိုတွေကို Download လုပ်လို့မရဘူး” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (အလုံမြို့နယ်) ရှိ ၅ သိန်းတန်ဖုန်းများ ချထားပေးသည့် ဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

အဆိုပါ ၅ သိန်းတန် ဖုန်းများကို ဇန်န၀ါရီလ ၁၈ ရက်နေ့မှ စတင်၍ အင်တာနက် သုံးစွဲနိုင်ရန် စတင် လျှောက်ထားခွင့် ပေးခဲ့ပြီး အင်တာနက် သုံးစွဲရာတွင် အကန့်အသတ်များ ရှိကြောင်း ၎င်းက ဆိုသည်။
ရတနာပုံ တယ်လီပို့မှ နည်းပညာ ကျွမ်းကျင်သူ တဦးက “နောက်ပိုင်း ဖွင့်လာမယ့် တရားမ၀င် ဝက်ဘ်ဆိုဒ်တွေကို ပိတ်ထားဖို့လည်း ရှိတယ်” ဟု ပြောသည်။၅ သိန်းတန်ဖုန်းများသည် အင်တာနက်အသုံးပြုရာတွင် 512 kbp အမြန်နှုန်း သုံးစွဲနိုင်ပြီး အစိုးရ ပိတ်ပင်ထားသော ဝက်ဘ်ဆိုဒ်များမှ လွဲ၍ ကျန်ဆိုဒ်များ ပုံမှန်သုံးစွဲနိုင်ကြောင်း ၅ သိန်းတန်ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူပူးပေါင်းကာ လုပ်ဆောင်ပေးနေသော E-lite Tech မှ ဝန်ထမ်းတဦးက ဆိုသည်။

၎င်းက ဆက်လက်၍ “gmail, gtalk သုံးလို့ရတယ်။ ဆိုဒ်တချို့ဖွင့်ကြည့်လို့ရတယ်။ ပုံတွေဘာတွေကတော့ မပို့ကြည့်ရသေးဘူး။ ကွန်နက်ရှင်ကတော့ အင်တာနက်ဆိုင်တွေမှာ သုံးသလိုပဲ။ နောက်ပိုင်း သုံးတဲ့လူများလာရင်တော့ ကွန်နက်ရှင် ကောင်း မကောင်းတော့ မပြောတတ်တော့ဘူး” ဟု စမ်းသပ်သုံးစွဲကြည့်မှုနှင့် ပတ်သက်၍ ပြောသည်။လက်ရှိတွင် ၅ သိန်းတန်ဖုန်းများ အင်တာနက် သုံးစွဲနိုင်မှုကြောင့် လျှောက်ထားသူ များပြားလာကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။“ဖုန်းလိုင်းမိတဲ့ ဘယ်နေရာမှာမဆို အင်တာနက်သုံးနိုင်လို့ စိတ်ဝင်စားတယ်။ အင်တာနက်သုံးလို့ရပေမယ့် လုံခြုံပါ့မလားတော့ စိုးရိမ်နေတယ်” ဟု အင်တာနက်သုံးစွဲရန် လာရောက်လျှောက်ထားသူ ကမာရွတ်မြို့နယ်မှ လူတဦးက ဆိုသည်။

၅ သိန်းတန်ဖုန်းများဖြင့် အင်တာနက်သုံးစွဲရာတွင် အစိုးရမှ ပိတ်ပင်ထားသော ဆိုဒ်များကို ပြည်တွင်းတွင် သုံးစွဲနေကျအတိုင်း Proxy ခံ၍ ဖွင့်ဖတ်နိုင်သော်လည်း ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်များ ပေးပို့လျှင် လုံခြုံရေးအားနည်းချက် ပိုရှိမည်ကို သုံးစွဲသူများက စိုးရိမ်နေကြသည်။အဆိုပါ ၅ သိန်းတန် CDMA 800 MHz ဖုန်းများဖြင့် အင်တာနက်သုံးစွဲရာတွင် တမိနစ်လျှင် ၄ ကျပ် ကျသင့်မည်ဖြစ်ပြီး ရန်ကုန်တွင် ဖုန်းလိုင်း ၄ သောင်းနှင့် မန္တလေးတွင် ၁ သောင်း လတ်တလော ချထားပေးမည်ဖြစ်ကြောင်း၊ နေပြည်တော်တွင် ချထားပေးသော CDMA 450 MHz ဖုန်းများလည်း ယခုနှစ်အတွင်း အင်တာနက် သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ CDMA 800 ဖုန်း ၁ သိန်းခွဲ ချထားပေးခဲ့ပြီ လက်ရှိတွင် CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု ထပ်မံ ဆောက်လုပ်နေဆဲဖြစ်သည်ဟု ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဂီရိ ဒေသ ကူညီရေးအဖွဲ့တချို့ ရပ်ဆိုင်းတော့မည်

ခင်ဦးသာ Thursday, 20 January 2011 19:08
ရခိုင်ပြည်နယ် ဂီရိ လေဘေး ဒေသများတွင် ကူညီထောက်ပံ့ ပေးနေသော ပြည်တွင်း ပြည်ပ NGO၊ INGO အဖွဲ့တချို့သည် ယခုလကုန်ပိုင်း၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ရပ်တန့်တော့မည် ဖြစ်ကြောင်း သိရသည်။
after-Cyclone-Giri ဂီရိ ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်စဉ်က အပျက်အစီးတချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ - AP)
ဂီရိဖြစ်ပွားပြီး ၃ လပြည့်ပြီးချိန်၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ရပ်တော့မည့် အဓိက အဖွဲ့များတွင် နိုင်ငံတကာ INGO အဖွဲ့တဖွဲ့ ဖြစ်သည့် Save The Children ပါဝင်သည်ဟု မြေပုံဒေသ ခံတဦးက ဧရာဝတီကို ပြောသည်။“ဒီတလစာအတွက် ဆန်တွေပေးထားပါတယ်၊ ဒီလကုန်ရင် ရိက္ခာတွေ မပေးတော့ဘူးလို့ Save The Children အဖွဲ့ဝင်တွေက ရွာတွေမှာ ပြောထားပြီးပါပြီ”ဟု ၎င်းက ဆိုသည်။
ဂီရိဒေသ၌ ထောက်ပံ့ကူညီရေးလုပ်နေသည့် INGO၊ NGO အဖွဲ့ စုစုပေါင်း ၁၅ ဖွဲ့ခန့် ရှိသည့်အနက် အများစုမှာ ရပ်တန့်တော့ မည်ဟု သိရသည်။

လေဘေးဒုက္ခသည် များသည် မုန်တိုင်းတိုက်ခတ်ပြီး ၃ လပြည့်မြောက်သည့်တိုင် နေအိမ်များ ပြန်လည်မပြုပြင်နိုင်သေးခြင်း၊ အမိုးအကာ မလုံလောက်ခြင်း၊ စားဝတ်နေရေးအတွက် အလုပ် အကိုင်မရှိခြင်း စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ် သည်ဟု ဒေသခံများ နှင့် NGO အဖွဲ့များက ပြောသည်။ယခု ရက်ပိုင်းတွင် ပုံမှန်မဟုတ်သော ရာသီဥတုကြောင့် ဂီရိဒေသရှိ ဒေသခံများသည် ၀မ်းပျက် ၀မ်းလျှော နှင့် လည်ချောင်းနှင့် ပတ်သက်သော ဝေဒနာများ ဖြစ်နေကြောင်း၊ လူဆယ်ဦးလျှင် ဓာတ်ဆားထုပ် တထုပ်ခန့်သာရ၍ ၀မ်းပျက် ၀မ်းလျှောခြင်းကို ကာကွယ်နိုင်မှု မရှိ ကြောင်းလည်း သိရသည်။

ဂီရိဒေသ လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်း ၀န်းကျင်သာ လုပ်ဆောင် ပေးနိုင်သေးသည်ဟု NGO တချို့က ပြောဆိုသည်။ပြန်လည်ထူထောင်ရေး လုပ်ငန်းသည်ကြီးမားသော လုပ်ငန်းကြီးတခုဖြစ်၍ အစိုးရ ကိုယ်တိုင်ဦးစီး၍ နိုင်ငံတကာ အဖွဲ့များ၊ ကုလသမဂ္ဂ(UN) လက်အောက်ခံအဖွဲ့ များအပါအ၀င် အားလုံးစုပေါင်းလုပ်ဆောင်မှ ဖြစ်မြောက်မည်ဟုလည်း NGO များက ဆို  သည်။NGO အဖွဲ့များ၏ ပြောဆိုချက်အရ မုန်တိုင်းကြောင့် လူဦးရေ ၂ သိန်း ၇ သောင်းကျော် အိုးအိမ်မဲ့ ဖြစ်သွားခဲ့ရာ ယခု အချိန်ထိ လူ ၁ သိန်းကျော်မှာ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရသည်။NGO အဖွဲ့တချို့ကလည်း ၎င်းတို့တွင် ငွေကြေးအခက်အခဲကြောင့် လုပ်ငန်းများ လုပ်ဆောင်မှု နှေးကွေးနေကြောင်း၊ ဒုက္ခသည် များ၏ လိုအပ်ချက်များ ပြည့်မီရေးအတွက် အကူအညီအများအပြား လိုအပ်နေသေးကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မင်္ဂလာမြန်မာ အဖွဲ့၏ တာရိုက်တာ တဦးဖြစ်သူ ဒေါက်တာ ဖုန်းဝင်းက ဧရာဝတီ ကိုပြောသည်။

“နာဂစ်နဲ့ ယှဉ်လိုက်ရင် လိုအပ်ချက်တွေက အရမ်းကြီးကွာခြားနေပါတယ်၊ အဓိကပြဿနာက အလုပ်အကိုင်တွေ မရှိကြသေးတာတွေ၊ လုပ်ငန်းခွင်အတွက် လိုအပ်တာတွေမရှိကြသေးတာတွေပါ”ဟု ၎င်းက ဆိုသည်။ရေလုပ်ငန်းကို အဓိက လုပ်ကိုင်၍ အသက်မွေးကြသော မြေပုံမြို့နယ်၊ ပေါက်တောမြို့နယ်တို့တွင် လှေမလုံလောက်ခြင်း၊ ပိုက်ကွန်များ မပြည့်စုံခြင်းတို့ကြောင့် စားဝတ်နေရေး အတွက် အလုပ်လုပ်ရန် မလွယ်ကူသေးကြောင်း ဒေသခံများက ပြော ဆိုသည်။
“အခုချိန်ထိ ရွာတရွာကို လှေငယ် ၂ စင်းပဲ ရပါသေးတယ်”ဟု မြေပုံမြို့နယ်၊ ပြင်ဝန်းရွာသား တဦးက ပြောသည်။ စစ်အစိုးရ မီဒီယာများကမူ ဂီရိဒေသ၌ ကယ်ဆယ်ရေး လုပ်ငန်းများပြီးစီးသွားပြီ ဖြစ်၍ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေ ကြောင်း၊ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသည်ဟု ရေး သားလေ့ ရှိသည်။ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ခံ ဦးအေးဝင်းက ၎င်း တို့အနေနှင့် ဂီရိဒေသ၏ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ပုံမှန်လုပ်ဆောင်လျက်ရှိပြီး ဆက်လက်၍ ပုံမှန်အတိုင်း လုပ်ဆောင်သွား မည်ဟု ဧရာဝတီ ကိုပြောသည်။

“ကျနော်တို့အဖွဲ့ကတော့ ရိက္ခာဖြတ်တောက်တာ လုပ်ဖို့အစီအစဉ် မရှိသေးပါဘူး၊ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်နေပါတယ်”ဟု ဦးအေးဝင်း က ဆိုသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နှင့်ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင် ကလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အကူအညီများ တောင်းခံလျက်ရှိပြီး ရေတွင်း၊ ရေကန်များ၊ လယ်ယာ လုပ်ငန်းများအတွက် ထောက်ပံ့မှုများ လုပ်ပေးရန် ပြင်ဆင်နေသည်ဟု ဆိုသည်။ဒီဇင်ဘာလအတွင်းက ထုတ်ပြန်သည့် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ကွပ်ကဲမှုရုံး(UNOCHA) အစီရင်ခံစာ၌ ဂီရိ ဒေ သ တခုလုံး၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လိုအပ်ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၅၇ သန်းကျော်အနက် ၂၀ ဒသမ ၅ သန်းသာ ရရှိသေးကြောင်း ဖော်ပြထားသည်။ဂီရိ ဆိုင်ကလုန်း မုန်တိုင်းသည် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့က တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် ရခိုင် ကမ်းရိုးတန်း ဒေသ တလျှောက် တိုက်ခတ်ခဲ့ရာ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ မာန်အောင်၊ ပေါက်တော၊ ပုဏ္ဏကျွန်း၊ စစ်တွေ စသည့်မြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပြီး လူ ၂ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရာ လူ ရာဂဏန်းထိ သေဆုံးမှုရှိခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ရွှေနှင့် ဒေါ်လာ ဈေးနှုန်း ရက်ပိုင်းအတွင်း ထိုးတက်

ဧရာဝတီ Friday, 21 January 2011 13:36
စစ်အစိုးရက မကြာမီ လွှတ်တော်ခေါ်ယူပြီး အစိုးရသစ် ဖွဲ့မည်ဖြစ်၍ နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ရွှေနှင့် အမေရိကန် ဒေါ်လာ ၀ယ်ယူစုဆောင်းမှု များပြားပြီး ဈေးနှုန်းများ ထိုးတက် သွားကြောင်း သိရသည်။
ရန်ကုန်မြို့မှ စိန်ရွှေရတနာ အရောင်းဆိုင် တဆိုင် (ဓာတ်ပုံ - peace-on-earth.org)
စီးပွားရေး သမားများနှင့် ငွေကြေးတတ်နိုင်သူများက ငွေပိုငွေလျှံများကို ရွှေဝယ်ယူစုဆောင်းခြင်း၊ အမေရိကန် ဒေါ်လာများ နှင့် လဲလှယ် စုဆောင်းခြင်းများကြောင့် ဈေးနှုန်းများ တက်သွားရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးသမားများ က ပြောသည်။“ဒီလ ၁၈ ရက်နေ့ကစပြီး ဈေးကွက်ထဲမှာ ရွှေဝယ်တဲ့သူ တော်တော်များလာတယ်။ နောက်ပြီး ဒေါ်လာဝယ်တဲ့သူလည်း အရမ်းများလာတယ်။ တရက်ထက် တရက်ကို ပိုပိုများလာတယ်”ဟု ဒေါ်လာနှင့် ရွှေ ၀ယ်ရောင်း လုပ်ကိုင်နေသူ စီးပွားရေးသမား တဦးက ပြောသည်။

ဒေါ်လာနှင့်ရွှေ ၀ယ်ယူကြသူများတွင် စစ်အစိုးရ၀န်ကြီးများ၏ မိသားစုဝင်များ၊ ရဲအရာရှိ၊ စစ်တပ် အရာရှိ မိသားစုများနှင့် ဌာန ဆိုင်ရာ အကြီးအကဲ မိသားစုများ ပါဝင်ကြောင်း သိရှိရသည်။ယင်းသို့ ၀ယ်ယူစုဆောင်းသူ များပြားခြင်းကြောင့် ရွှေဈေးသည် တကျပ်သားလျှင် ကျပ် တသောင်းကျော်၊ ဒေါ်လာ ဈေးသည် တဒေါ်လာလျှင် ၃၀ ကျပ်ကျော် ထိုးတက်သွားသည်ဟု အရောင်းအ၀ယ် လုပ်သူများက ပြောသည်။
ဇန်န၀ါရီလ ၁၇ ရက်နေ့က အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ခြောက်သိန်း သုံးသောင်း ရှိရာမှ ၂၀ ရက်နေ့တွင် အခေါက်ရွှေတကျပ်သား ခြောက်သိန်း လေးသောင်း ကျော် အထိ ကျပ် တသောင်းကျော် ဈေးမြင့်တက်သွားသည်။

“ရွှေအ၀ယ်က မထင်မှတ်ဘဲကို တက်လာတယ်။ နယ်တွေကလည်း လှမ်းမှာတယ်။ ရန်ကုန် ဈေးကွက်ကလည်း ၀ယ်တယ်။ ၀ယ် လိုအား ရုတ်တရက် တက်တော့ ဈေးမြင့်သွားတာ”ဟု ရန်ကုန် ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။အမေရိကန် ဒေါ်လာမှာလည်း ရက်ပိုင်းအတွင်း ၀ယ်လိုအား တက်လာသဖြင့် ဈေးမြင့် လာကြောင်း သိရှိရသည်။“ဒေါ်လာ အရမ်းဝယ်တဲ့ ၀ယ်လက်တွေ ပေါ်လာတယ်။ ၀ယ်တဲ့ လက်ကြီးသမားတွေက တသိန်း၊ နှစ်သိန်း အဲဒီလို ၀ယ်တာမျိုးတွေ။ ဈေးက တရက်ထက် တရက်ပိုတက်တယ်”ဟု ဒေါ်လာ ၀ယ်ရောင်း လုပ်ကိုင်နေသူ တဦးက ပြောသည်။အမေရိကန် ဒေါ်လာသည် ဇန်န၀ါရီလ ၁၇ ရက်က တဒေါ်လာလျှင် ၈၃၀ ကျပ်မှ ဇန်န၀ါရီ ၂၀ ရက် ကြာသပတေးနေ့တွင် တဒေါ်လာ ၈၅၈ ကျပ် အထိ ဈေးတက် သွားသည်။စစ်အစိုးရ ထုတ်သည့် FEC (Foreign Exchange Certificate) မှာမူ ၀ယ်သူ နည်းပါးပြီး FEC တယူနစ်လျှင် ၈၀၀ ကျပ် ၀န်းကျင် တွင်သာ ဈေးရှိကြောင်း သိရသည်။ရွှေဈေးကွက်၊ ဒေါ်လာဈေးကွက်တွင် ၀ယ်ယူကြသူများနှင့် အလုပ်ဖြစ်နေသော်လည်း အခြားသော စီးပွားရေးဈေးကွက်အများစုမှာ ရပ်တန့်လု နီးပါးဖြစ်နေကြောင်း စီးပွားရေးသမားများက ပြောသည်။

“အစိုးရသစ်ဖွဲ့ပြီးရင် ဘာဖြစ်မလဲဆိုတာ လူတွေအကုန်လုံးက စိတ်ဝင်တစား ကြည့်နေတယ်။ လုပ်ငန်းလုပ်မယ့်သူတွေက အခြေ အနေကို ကြည့်နေတယ်။ ရွှေနဲ့ ဒေါ်လာကလွဲရင် အခြားဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံသူနည်းတယ်။ ဒီလကုန်ရင် ဘာဖြစ်မလဲ။ ဘယ်လိုစီးပွားရေး ပေါ်လစီတွေပေါ်မလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြတယ်”ဟု ပြည်ထောင်စု မြန်မာနိုင်ငံ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) မှ စီးပွားရေး သမားကြီး တဦးက ပြောဆိုသည်။
မြန်မာစစ်အစိုးရ၏ တရားဝင် ငွေလဲလှယ်နှုန်း သတ်မှတ်ချက်မှာ အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၆ ကျပ် ဖြစ်သည်။၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များ တက်ရောက်မည့် ပထမဆုံးအကြိမ် လွှတ်တော် အစည်းအဝေးကို လာမည့် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် စတင်ခေါ်ယူမည်ဖြစ်ကြောင်း ကြေညာထားသည်။

ပါရမီလမ်းမ ဆိုင်ခန်းများ နစ်နာကြေးမရဘဲ ဖယ်ရှားခံရ

သင်းအောင် 
ပါရမီလမ်းမ ဆိုင်ခန်းများ နစ်နာကြေးမရဘဲ ဖယ်ရှားခံရရန်ကုန် ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းကြား၊ မရမ်းကုန်းမြို့နယ် ပါရမီလမ်းမကြီး တလျှောက်ရှိ ဈေးဆိုင်ခန်းများအား အာဏာပိုင်များက နစ်နာကြေးမပေးဘဲ အမြန်ဆုံးပြောင်းရွှေ့ရန်

ကချင်ပြည်နယ်တွင် နှင်းမုန်တိုင်း တိုက်၊ ပျက်စီးမှုများရှိ

နရီလင်းလက် 
ကချင်ပြည်နယ်တွင် နှင်းမုန်တိုင်း တိုက်၊ ပျက်စီးမှုများရှိကချင်ပြည်နယ် ပန်ဝါ တွင် ဇန်န၀ါရီလ ၁၆ ရက်နေ့ က နှင်းမုန်တိုင်း တိုက်ခိုက်ပြီး ဆီးနှင်းများထူထပ်စွာ ကျဆင်းမှု ကြောင့် တရုတ်-မြန်မာ ကုန်သွယ် ရေးဂိတ် ပျက်စီးပြိုကျသွားသည်။

No comments:

Post a Comment