Wednesday, March 30, 2011

စီအဲန်အေ လက်ချက်နဲ့ သေဆုံးသည့် နအဖစစ်သားကို အစားထိုးရန် လူငယ်နှစ်ဦးအား ဖမ်းဆီး& ဝ ရွာတရွာ မီးလောင် လူထု ၉၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်& နအဖ ပူးပေါင်းတပ် ထပ်မံ ထိခိုက် ကျဆုံး

တောင်ပိုင်း ဝ ရွာတရွာ မီးလောင် လူထု ၉၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
 အင်္ဂါနေ့၊ မတ်လ 29 ရက် 2011- သျှမ်းသံတော်ဆင့်သတင်း
တောင်ပိုင်း ဝ တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မိုင်းတုံမြို့နယ် အတွင်းရှိ ဝ ကျေးလက် ရွာတရွာမှ အိမ်ခြေ ၅၀ ကျော် မီးစွဲလောင် သဖြင့် လူထု ၉၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
   ၂၀၀၁ သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်သို့ ပြောင်းရွှေ့အခြေချသည့် ဝ ရွာ
 “ပြီးခဲ့တဲ့အပတ်အင်္ဂါနေ့ မွန်းလွဲ ၂ နာရီခန့်မီးလောင်တာ။ ဘုန်းကြီးကျောင်းလဲ ပါသွားတယ်”- ဟု နီးစပ်သည့် ဝ ရွာသားတဦးက ပြောပါသည်။မတ်ခ်ျ ၂၂ ရက် မွန်းလွဲ ၂ ကျော်ခန့်တွင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အရှေ့ဘက် ၁ မိုင်အကွာရှိ အိမ် ခြေ ၃၅၉ လုံးရှိ ဝမ့်မိုင်(ဝ ရွာ) မီးလောင်ခဲ့ကြောင်း၊  အိမ်ခြေ ၅၀ ကျော် မီးလောင်ခဲ့ ကြောင်း ဖြစ်ပျက်ပုံကို အမည်မဖေါ်လိုသူ ထိုင်းနယ်စပ်ရောက် ရွာသား တဦးက ဤကဲ့သို့ ပြောပြပါသည်။
“တာ့အိုက်တောင်းဆိုသူက ဝက်စာအိုးတည်ထားပြီး အပြင်ထွက်သွားတယ်။ အဲကနေစပြီးလောင်တာ၊ ရှို့မီး တော့ မဟုတ်ဘူး” ဟု ဒေသခံတဦးက ပြောသကဲ့သို့ အခြားဒေသခံနောက်တဦးက လူနေအိမ်မှ မီးစလောင် တာမဟုတ်ကြောင်း တောမီးလောင်ရာမှ အိမ်ခြေ ၅၁ လုံးပါသွားကြောင်းပြောပြပါသည်။ယခုမီးလောင်မှုကြောင့် လူထု နှင့် တိရိစ္ဆာန်များ သေကြေဒဏ်ရာရမှုများမရှိဟုဆိုသော်လည်း တန်ဖိုးကျပ် ၂၅ သိန်းခန့် မီးလောင်မှုထဲပါသွားကြောင်းလည်း သိရသည်။လက်ရှိတွင် မီးဘေးသင့် ရွာသူရွာသားများအား ဘုန်းကြီးကျောင်း စာသင်ကျောင်း နီးစပ်ရာ အသိမိတ်ဆွေ အိမ်များ၌ မီခိုနေထိုင်နေကြကြောင်း၊ တောင်ပိုင်း ဝ ဆက်ဆံရေးမှူး တာ့ဆာလော ဦးစီးပြီး ကူညီနေရာပြန်ချ နေကြောင်း အာဏာပိုင်များနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦက ပြောပါသည်။
ရာသီဥတု မညီမျှမှုကြောင့် ရခိုင် နှမ်းလုပ်ငန်း ထိခိုက်
အင်္ဂါနေ့၊ မတ်လ 29 ရက် 2011 ထွန်းထွန်း - နိရဉ္စရာ သတင်းဌာန
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်၌ ရာသီဥတု မညီမျှမှုကြောင့် နှမ်းစိုက် တောင်သူနှင့် လုပ်ငန်းရှင်များ အတွက် အထူးထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။“နှစ်စဉ်တဧကမှာ နှမ်း ၁၀ တင်းကျော်ထွက်ပါတယ်။ ဒီနှစ်တော့ တဧကမှာ ၃ တင်းလောက်ပဲရတယ်။ အရင်းတောင် မရဖြစ်သွားပါတယ်။ နှမ်းတဧက လုပ်ဖို့ အတွက် ကျပ်ငွေ တသိန်းနည်းပါး အရင်းစိုက်ရတယ်။ အငှားထည့်ပြီးမြက်ပင်တွေ ဘာတွေရှင်းပေးရတယ်။ အဲဒါကြောင့်တော်တော်အရှုံးရှိတယ်“ ဟုမာန်အောင်မြို့နယ် တောင်ဘက် နဂါးကျေးရွာသားတ ဦးကပြောသည်။လွန်ခဲ့သည့်နှစ်များက တဧကတွင်နှမ်းအထွက်နှုန်း ၁၀ တင်းကျော်ထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင်ရာသီဥတုမညီမျှ မှု ကြောင့် နှင်းတောင်သူများအတွက်အထိနာခဲ့ရသည်ဟု သိရသည်။
 “နှမ်းပွင့်ချိန်မှာ မိုးရွာပေးတာတို့၊ ဆီးနှင်းကျတာတို့သိပ်မရှိတော့ နှမ်းပင်တွေမှာ အသီးတွေသိပ်မမြဲကြဘူး။ နှမ်းသီးတွေ တော်တော်နည်းတယ်။ ပီးရင်နှမ်းစိုက်ပျိုးချိန်မှာ ရာသီဥတွေမမှန်ဘူး။ နေခေါင်တာများတော့ နှမ်းပင်လည်းသိပ်မဖြစ်ဘူး“ ဟု၎င်းကပြောသည်။ယခုနှစ်နှမ်းလုပ်ငန်းမှာ ကျောက်ဖြူခရိုင်တခုလုံးလိုလို၌ နှမ်းစိုက်တောင်သူတွေအတွက်အထူးနစ်ခဲ့ရပြီး တဖက်မှာလည်း နှမ်းဈေး နှုန်းမြင့်တက်ခဲ့သည်ဟုသိရသည်။“တခြားနှစ်တွေမှာနှမ်းတတင်းကို တသောင်းနဲ့ တစ်သောင်း နှစ်ထောင် ကြေားမှာရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ နှမ်းတတင်းကို တသောင်းလေး ထောင်ကနေ တသောင်ြးေ ခာက်ထောင်ထိ ရောင်းရတယ်။ နှမ်းဈေးတက်တော့ ဆီဈေးကမြင့်တက်သွားပါတယ်။ ဆီက တပိဿာ ကို ကျပ် ၃၂၀၀ ရှိရာကနေ ၃၅၀၀ ထိဖြစ်သွားတော့ဆင်းရဲတဲ့မိသားစုတွေကျတော့ နှမ်းဆီ ၀ယ်မစားနိုင်ဘူးပေါ့နော်“ ဟု ဆက်ပြောပြသည်။
မာန်အောင်မြို့နယ် တောင်ဘက်ရှိနှမ်းလုပ်တောင်သူကျေးရွာတချို့မှာ နဂါးရွာ၊ ကုတ်ကိုရွာ၊ ကြောင်ဘုန်းကြီးရွာ၊ တောင် အုပ်ပြင်ရွာ၊ ချိန်လောင်းကွင်းရွာများနှင့် တခြားကျေးရွာများဖြစ်ပြီး မာန်အောင်အနောက်တောင်ဘက်တွင်ပီချောင်း ထဲရှိ ကျေးရွာများဖြစ်ကြောင်းသိရသည်။ယခုလို ရာသီဥတု ဆိုးဝါးလာသဖြင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းကျဆင်းလာကာ ကျောက်ဖြူခရိုင်အတွင်းတောင်သူလယ် သမားများအတွက် ထိခိုက် နစ်နာခဲ့ကြောင်း သိရသည်။
နစက တပ်ဖွဲ့ကို အသွင်ပြောင်းတော့မည်ဟု ဆို
အင်္ဂါနေ့၊ မတ်လ 29 ရက် 2011 တာကလူး - နိရဉ္စရာ သတင်းဌာန
မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နယ်ခြားစောင့်တပ်ဖြစ်သည့် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် လုံခြုံရေးကို တာဝန်ယူထားသော နစက တပ်ဖွဲ့ကို လာမည့် ဧပြီလမှ စပြီး အသွင် ပြောင်းတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။အသက် ၄၀ နှင့် အထက် နစက တပ်သားများကို အနားယူကြရန် တပ်တွင်း အမိန့်ထုတ်ပြန်ထားပြီး၊ ၀တ်စုံသစ်၊ နာမည်သစ်နှင့် လက်နက်သစ်များ တပ်ဆင်ကာ အသွင်ပြောင်းတော့မည် ဖြစ်ကြောင်း တပ်တွင်း သတင်းများ ဖြစ်ပေါ်နေကြောင်း တပ်ကြပ်ကြီး တစ်ဦးက ပြောသည်။
“မတ်လနောက်ဆုံးထားပြီး အသက် ၄၀ နဲ့အထက် တပ်သားတွေကို ပင်စင်ယူရမယ်။ ပင်စင် မယူချင်ဘူး ဆိုရင် စစ်တပ်ရဲ့ ထောက်ပံ့ရေးတပ်တွေမှာ တာဝန်ဆက်ယူလဲရတယ်ဆိုပြီး ပထမဆုံး အနေနဲ့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလဆန်း ကနေ တပ်တွင်းထဲမှာ တရားဝင် ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒီလပိုင်းထဲမှာ သတင်းတွေ ထွက်လာတာကတော့ လာမယ့်လမှာ ယူနီဖောင်းတွေ လှဲမယ်၊ လက်နက်သစ်တွေ တပ်ဆင်မယ် ပီးရင် နာမည် သစ်ပြောင်းဆိုပြီး ကြားလာ ရပါတယ်။ တရားဝင်တော့ အမိန့် မထုတ်ပြန်သေးပါဘူး” ဟု ၄င်းတပ်ကြပ်ကြီးက ပြောသည်။
၎င်းပြင်သူက “ ၀တ်စုံတွေက ရောက်နေပါပြီ၊ ကျားပြောက် ၀တ်စုံတွေပါ။ လက်နက်တွေကတော့ ရုရှားက အသစ်ဝယ်လာတဲ့ လက်နက်တွေကို တပ်ဆင်ပေးမယ်လို့ ကြားပါတယ်။ ခု ပါလီမန် အစိုးရသစ်ကို အာဏာအပြည့်အ၀ လွှဲပြောင်းပေးပြီးတာနဲ့ အရှေ့ဘက်မှာ လက်ရှိဖွဲ့စည်းပေးထားတဲ့ နယ်ခြားစောင့်တပ်များလို နစကကိုလဲ လုံးဝ အသွင်ပြောင်း ဖွဲ့တော့မယ်ဆိုပြီး တပ်ထဲမှာ အဲသလို ကြားပါတယ်” ဟု သူက ဆက်ပြောသည်။အဆိုပါသတင်းကို အတည်ပြုနိုင်ရန် မောင်တောကျီးကန်းပြင်ရှိ နစက ဌာနချုပ်ကို နိရဉ္စရာမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျ ၀န်ထမ်းက တပ်တွင်းသတင်းများကို အပြင်သို့ ပြောဆိုခွင့် မရှိကြောင်း ဖြေကြားခဲ့သည်။
တစ်နိုင်ငံလုံးရှိ နယ်စပ်ဒေသများ လုံခြုံရေးအတွက် နစက တပ်ဖွဲ့ကို စစ်တပ်၊ ရဲ၊ လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်ခွန်ဌာနများကို ပေါင်းကာ လက်ရှိ စစ်အစိုးရက ၁၉၉၂ နှစ်ခု နှစ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။၂၀၀၄ ခုနှစ်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့် ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရပြီးနောက်ပိုင်း ထိုင်းနှင့် တရုတ်နယ်စပ်တွင်ချထားသည့် နစကတပ်ဖွဲ့များကို လက်ရှိစစ်အစိုးရမှ ပြန်လည်ရုတ်သိမ်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ နစက တပ်ဖွဲ့ကိုမူ ဖျက်သိမ်းခြင်း မရှိဘဲ ထားရှိခဲ့သဖြင့် အဆိုပါ အဖွဲ့မှာ တနိုင်လုံးတွင် တစ်ခုတည်းသာ ကျန်ရှိခဲ့သည့် နစက အဖွဲ့အစည်းဖြစ်သည်။ရခိုင်-ဘင်္ဂလား နယ်စပ်တလျှောက်ရှိ မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင် မြို့နယ်များတွင် နစကတပ်ဖွဲ့များကို အဓိက နယ်မြေ (၉)ခုဖြင့် ပိုင်းခြားချထားပြီး၊ လက်ရှိ အင်အား ၃၀၀၀ ကျော် ရှိကြောင်းသိရှိရသည်။
တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်း ယာဉ်တင်ကုန်တန်ချိန် ပိုပြန်တင်
အင်္ဂါနေ့၊ မတ်လ 29 ရက် 2011 - သျှမ်းသံတော်ဆင့်သတင်း
အာစီယံစံ ကုန်အလေးချိန် သတ်မှတ်ချက်ထက်ကျော် လွန်၍ တရုတ် - မြန်မာနယ်စပ် မူစယ် ၁၀၅ မိုင်ကုန် သွယ် ရေးလမ်း တွင်ကုန်တင်ယာဉ်များတန်ပိုတင်လာ ကြောင်း သိရသည်။
OLYMPUS DIGITAL CAMERA
   မူဆယ် မန္တလေးလမ်းမှ ကုန်တင်ကား (ဓာတ်ပုံ -S.H.A.N.)
၎င်းအလေးချိန် သတ်မှတ်ချက်အား တရားဝင် ရုပ်သိမ်းခြင်း မရှိသော်လည်း မူစယ် - မန္တလေးလမ်းတွင် ကုန် အလေးချိန် စစ်ဆေးခြင်း မရှိတော့သည်မှာ ၁၀ ရက်ခန့်ရှိပြီဟု မူစယ် ၁၀၅ မိုင် ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “အာစီယံ စံသတ်မှတ်ချက်  တရားဝင်ရုပ်သိမ်းတာမဟုတ်ပါဘူး။ တရားဝင်စာမထွက်ဘူး။ ကုန်အလေးချိန်တွေ မစစ်ဆေး တာပဲရှိတယ်။ မစစ်တာက ၁၀ ရက်လောက်ရှိပြီ။ ခါတိုင်း  ၁၀၅ မိုင်၊  လားရိုး ၊ နောင်ချို ၊ မန္တလေးတိုင်း ကျောက်မဲ အေးရှား ဝေါဂိတ်တွေမှာ စစ်တယ်။ အခုကမစစ်တော့ဘူး” ဟု သူက ပြောသည်။ထိုသို့ ကုန်အလေးချိန်စစ်ဆေးခြင်း မရှိတော့သဖြင့် ယခုအခါ ယာဉ်များ တန်ပိုတင်လာခြင်း ဖြစ်ကြောင်းသိရသည်။
“ကားတွေ  လေးတွေလျှော့ ဘော်ဒီတွေ ဖြတ်လိုက် တော့  ခံနိုင်ရည်တွေကျသွားပြီ အများကြီး ပြန်တင် လို့တော့ မရဘူး။ခါတိုင်းထက် ၄၊ ၅ တန်လောက်ပိုတင်ကြတယ် ” ဟု ဆိုသည်။မြန်မာနိုင်ငံသည် လာမည့် ၂၀၁၅  တွင် ဖြစ်ပေါ်လာမည့်Asean free trade zone အတွက် ကြိုတင်ပြင် ဆင်သည့် အနေဖြင့် အာစီယံစံနှုန်းအတိုင်းကုန်တင် ယာဉ်  ကုန်အလေးချိန်သတ်မှတ်ခဲ့ရာ ယင်းသတ်မှတ်ချက် တရားဝင် ရုပ်သိမ်း ရေး မဖြစ်နိုင်ကြောင်း လတ်တလော ပြည်တွင်းကုန်ဈေးနှုန်းမြှင့်တက်လာမှုကြောင့် ယာယီ လျှော့ပေါ့ခြင်း ဖြစ်ကြောင်း အ ကဲခတ် တစ်ဦးက သုံးသပ်သည်။
“AFTA (Asean free trade agreement) ဆိုတာရှိတယ် အဲဒီagreement မှာ လက်မှတ်ထိုးထားတဲ့ အာစီယံ အဖွဲ့ဝင် နိုင်ငံတွေက ဘယ်ခုနှစ်မှာ ဘယ်ဟာတွေကို အကောင်အထည်ဖေါ်ပါတယ် ဆိုတာ ပြန်တင်ရတယ်။ ၂၀၁၅ ဆိုရင် အပြည့် အဝ အကောင်အထည်ဖေါ်ရမှာ၊ အခုက မျက်စိမှိတ်ထားတဲ့ သဘောပေါ့” ဟု ဆိုသည်။အာစီယံစံနှုန်း အတိုင်း ပြည်တွင်း ကုန်တင်ကားများ တင်ဆောင်ရမည့် ကုန်အလေးချိန် ကန့်သတ်ချက်ကို တရုတ် - မြန်မာ နယ်စပ် မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးလမ်းတွင် ဇန်နဝါရီ  ၂၁ ရက်မှ စတင်အကောင် အထည်ဖေါ် ခဲ့ကြောင်း သိရသည်။
နအဖ ပူးပေါင်းတပ် ထပ်မံ ထိခိုက် ကျဆုံး
အင်္ဂါနေ့၊ မတ်လ 29 ရက် 2011ကေအိုင်စီ - ကေအိုင်စီ
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်တွင် လှုပ်ရှားနေသည့် နအဖ၊ နယ်ခြားစောင့် BGF ပူးပေါင်းတပ်များနှင့် KNU တပ်မဟာ(၇) လက်အောက်ခံတပ် တို့ကြား ပြီးခဲ့သည့် ရက်ပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ နအဖနှင့် BGF ပူးပေါင်းတပ်မှ ထပ်မံ ထိခိုက်သေဆုံးသည်ဟု ကေအဲန်ယူ တပ်မဟာ(၇) က ပြောသည်။မတ်လ ၂၆ရက်နေ့ ညနေ ၅နာရီခွဲတွင် ပိုင်ကျုံမြို့နယ်ရှိ မဲ့လာအားခီးနှင့် စေဖိုးခီးအကြားတွင် နအဖ ခမရ(၃၅၇)တပ်ရင်း၊ BGF တပ်ရင်း(၁၀၁၆) ပူးပေါင်းတပ်ဖွဲ့နှင့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၂)တို့ကြား ပစ်ခတ်မှုတကြိမ် ထပ်မံဖြစ်ပွားခဲ့ရာ နအဖမှ ၅ဦးကျဆုံးပြီး ၂ဦး ထိခိုက်သလို BGF ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ကေအဲန်အယ်လ်အေဘက်က ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့က နအဖ စကခ(၁၂) လက်အောက်ခံ ခမရ(၅၄၆) တပ်ရင်း၊ ခမရ(၃၅၇)တပ်ရင်းနှင့် BGF တပ်ရင်း (၁၀၁၆) ပူး ပေါင်းတပ်ဖွဲ့ဝင်များကို ကေအဲန်ယူ တပ်မဟာ(၇) လက်အောက်ခံ တပ်ရင်းတို့ ချုံခိုတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရခဲ့သည့် တပ်ရင်းမှူး အပါအ ၀င် အခြားတပ်ဖွဲ့ဝင်များကို နောက်တန်းပြန်အပို့တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ယင်းသို့ တိုက်ခိုက်ရာတွင် နအဖ တပ်ရင်းမှူးကို သယ်ဆောင်သွားသည့်ကားမှာ လွတ်သွားခဲ့ပြီး နောက်ထပ် စစ်ကားတစ်စီးကို ထိခိုက်ခဲ့သဖြင့် ထိုကားမှာ မဲ့လာအားဂွင်၌ ပျက်စီးသွားကြောင်း မြင်တွေ့ခဲ့သူများက ပြောသည်။
၂၅ရက်နှင့် ၂၆ရက်နေ့ ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏ ပြောက်ကျားတိုက်ခိုက်မှုတွင် နအဖနှင့် နယ်ခြားစောင့်တပ်များ ထိခိုက်ကျဆုံးမှု ရှိခဲ့ သော်လည်း ကေအဲန်အယ်လ်အေဘက်မှ အထိအခိုက် အကျအဆုံးမရှိကြောင်း ကေအဲန်ယူဘက်က ထုတ်ဖော်ပြောဆိုသည်။ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၊ ပိုင်ကျုံမြို့နယ်တွင် အခြေစိုက်သည့် နအဖတပ်ရင်းများသည် တပ်မ(၂၂)၊ စကခ(၁၂)၏ လက်အောက်ခံ တပ် များဖြစ်ပြီး ဗိုလ်မှူးစောမြတ်ခိုင် ဦးဆောင်သည့် BGF တပ်ရင်း(၁၀၁၆)နှင့် KNU တပ်မဟာ(၇)တပ်ရင်းများ လှုပ်ရှားလျှက်ရှိသည်။
စီအဲန်အေ လက်ချက်နဲ့ သေဆုံးသည့် နအဖစစ်သားကို အစားထိုးရန် လူငယ်နှစ်ဦးအား ဖမ်းဆီး
အင်္ဂါနေ့၊ မတ်လ 29 ရက် 2011 - ခိုနူမ်းထုန် သတင်းဌာန
ချင်းပြည်နယ်တောင်းပိုင်း ပလက်ဝမြို့နယ် ရှင်းလက်ဝ တပ်စခန်းတွင် လက်ရှိအခြေစိုက်နေသည့် ခလရ (၅၅ ) မှ တာဝန် ခံတပ်ကြပ် အောင်ဝင်းခိုင် ဆိုသူနှင့် အဖွဲ့သည် စီအဲန်အေကြောင့် ကျဆုံးသွားသည့် ၄င်းတို့၏ ရဲဘော်နဲ့ ဒါဏ်ရာရသူများ ကို အစားထိုးရန် ဆိုပြီး  ဆင်အိုးဝ ရွာသား ချင်းလူငယ်နှစ်ဦးအား ယခုလ ဒုတိယပတ်အတွင်း ဖမ်းဆီးလိုက်သည်ဟု သိရ သည်။”ဒီကိစ္စကို ရယက တွေက သွားပြောတော့ ခင်ဗျားတို့ဆင်အိုးဝရွာ တိုက်ပွဲမှာ ခင်ဗျားတို့တာဝန်မကင်းဘူး၊ အဲဒါကြောင့် လူငယ်တွေကို စစ်တပ်အတွက်ဖမ်းဆီးတာလို့ ပြောတယ်၊ တကယ့် လူမဆန်တဲ့ လုပ်ရပ်ပဲ ” ဟုဒေသခံတဦးကပြော သည်။ဆင်အိုးဝရွာသား ဦး ပီကိုး ၏သား မောင်းဘသန်း ( ၁၇ နှစ်) နှင့် ဦးကုန်ယိုင်၏ သား မောင်အောင်ကျော်လှ ( ၁၈ နှစ်)  တို့အား ဖမ်းဆီးပြီး ရှင်းလက်ဝတပ်စခန်း သို့ ခေါ်ဆောင်သွား ကြခြင်းဖြစ်သည်။
”နအဖစစ်သား အောင်ဝင်းခိုင် နဲ့ အဖွဲ့ရွာထဲ ၀င်လာပြီး မောင်ဘသန်း နှင့်မောင်အောင်ကျော်လှတို့ကို ခဏလိုက်ခဲ့ ဆိုပြီးခေါ်သွားကြတယ်၊ မိဘနဲ့လည်းအတွေ့မခံတော့ဘူး” ဟု  ဆင်အိုးဝရွာသားတဦးက ပြောသည်။ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ၁၇ ရက်နေ့က ရှင်းလက်ဝတပ်စခန်းမှ နအဖ တပ်သား နှင့် ချင်းအမျိုးသား တပ်မတော် တပ် သားများသည် ဆင်အိုးဝရွာတွင်း ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ရဲဘော်တဦးကျဆုံးခဲ့သည်။”ယခုကိစ္စက စစ်မှုမထမ်းမနေရအမိန့်ကြောင့် ဖမ်းဆီးတာ ဖြစ်မှာပါ၊အကြောင်းမရှိ အကြောင်းရှာ တာပဲ “ဟု ဒေသခံများ ကပြောဆိုနေကြသည်။ နအဖစစ်သားများသည် စစ်မှုမထမ်းမနေရအတွက် ချင်းပြည်နယ် အနှံ့လူဦးရေစာရင်းကောက်ခြင်း၊ လူစီ စစ်ခြင်းများကို ပြုလုပ်နေပြီဖြစ်သည်။
မိုးမခစာများ ပြန်လည်ဆန်းသစ်
မတ် ၂၉၊ ၂၀၁၁...   ဖတ်ရန်...
၅ သိန်းတန် GSM ဖုန်း အလွယ်တကူ ဝယ်ယူနိုင်
အင်္ဂါနေ့၊ မတ်လ 29 ရက် 2011 ဂျူရီချိုင်း သတင်း - လွတ်လပ်သော မွန်သတင်းအေဂျင်စီ
မတ်လ ၂ ရက်နေ့မှ စပြီး မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မြန်မာ့ ဆက်သွယ်ရေးဌာနက ကျပ် ၅ သိန်းတန် GSM ဖုန်း အလုံး ၃ သောင်း ထပ်ချပေးခဲ့ပြီး ဝယ်ယူသူ များပြားကြောင်း သိရသည်။
    ကျပ် ၅ သိန်းတန် GSM ဖုန်းနှင့် CDMA မိုဘိုင်းဖုန်းများကို ဝယ်ယူလိုပါက မြန်မာ့ ဆက်သွယ်ရေး ဌာနတွင် နှစ်ရက်အတွင်း ဝယ်ယူရရှိနိုင်ကြောင်း မော်လမြိုင်မြို့မှ GSM မိုဘိုင်းဖုန်း လက်ဝယ် ရရှိထားသူတဦးက ပြောသည်။“ဖုန်းဝယ်ချင်ရင်ဒီနေ့
သွားလျှောက်ရင် မနက်ဖြန်ဆိုရပြီ။ ဝယ်သူတွေလည်း တော်တော်များတယ်” ဟု သူမက ပြောသည်။ ဝန်ဆောင်ခအဖြစ်ကျပ် ၁၀ ၀၀၀ မှ ကျပ် ၃၀ ၀၀၀ ထိ မြန်မာ့ ဆက်သွယ်ရေးဌာနကို ပေးဆောင်ရသည်။ယခင်က တလတာ ကြိုတင်လျှောက်ထားပြီးမှ ဝယ်ယူရရှိသော်လည်း ယခုတွင် ၂ ရက်သာ ကြာကြောင်း သိရသည်။အင်တာနက်ကိုလည်း အသုံးပြုနိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးဌာနက သတင်းထုတ်ပြန်ထားသည့်အတွက် ဝယ်ယူသူများပြားသော်လည်း လတ်တလောတွင် အသုံးမပြုနိုင်သေးကြောင်း GSM မိုဘိုင်းဖုန်း အသုံးပြုသူ အထက်ပါ အမျိုးသမီးက ပြောသည်။ဖုန်းလျှောက်ထားလိုသူသည် နိုင်ငံသား စိစစ်ရေးကဒ်ပြား မိတ္တူ၊ ဓာတ်ပုံ ၂ ပုံ နှင့်အတူ မြန်မာ့ဆက်သွယ်ရေးဌာနတွင် သွားရောက် လျှောက်ထားနိုင်သည်။GSM ဖုန်းများကို ၂၀၀ ပြည့်နှစ်မှ စတင်ချပေးခဲ့ပြီး ယနေ့အထိ ဖုန်းရေ ၅ သိန်းခန့် ချထားပေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီသတင်းဌာနက ဖော်ပြထားသည်။၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA 450MHz ဖုန်း ၅၄၅၆၅၀၊ CDMA 800MHz ဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈ နှင့် WCDMA တယ်လီဖုန်း အလုံးရေ ၂၈၀၀၀ ကို ချထားပေးသည်ဟု ဆိုသည်။ဖေဖော်ဝါရီ လဆန်းပိုင်းတွင် အင်တာနက်၊ ဖက်၊ TV လိုင်းနှင့် ဖုန်းများကို အသုံးပြုနိုင်သည့် ၈ သိန်းတန် (SKY NET) ဖုန်းတမျိုးကို ပြည်သူများထံ မိတ်ဆက်ပေးခဲ့သည်။
မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ဝန်းကျင်းသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း တယ်လီဖုန်း တပ်ဆင်သုံးစွဲနိုင်သူဦးရေ သုံးသန်းကျော်သာ ရှိကြောင်း ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဦးသိန်းဇော်က မတ်လ ၉ ရက်နေ့တွင် ပြုလုပ်သော ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် အော်တိုတယ်လီဖုန်းပေါင်း ၁,၁၀၉,၃၂၃ လုံးနှင့် မိုဘိုင်းလ် တယ်လီဖုန်းပေါင်း ၂,၁၀၁,၄၂၇ လုံး စုစုပေါင်း ၃,၁၉၁,၇၅၆ လုံး ရှိသဖြင့် တနိုင်ငံလုံး၏ ၅ ဒဿမ ၄ ရာနှုန်းသာ ရှိကြောင်း သူက ဆိုသည်။
ဒီတခါ နင့်အလှည့်ပဲ …
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivLySEeyvqpZtA3FX7EZhVgz3ChUAHp5Ffgsh4NuzhLMMQhxkwUhURyLintGKFKEHYsLuxNPo__2CQ7POgOlM8Mbl5GydB5rVWmDTkmPMxQf3brVZjP66WAoD-gbuCF9jzaNyM9I5GSDA/s1600/SN_2095.jpg
ကာတွန်း စောငို - ဒီတခါ နင့်အလှည့်ပဲ    မတ် ၂၉၊ ၂၀၁၁

ဟန်လေး Monday, 28 March 2011 13:50 ကာတွန်း
ca-mar-28-11

သြစတြေးလျ ဝန်ကြီးတွေရဲ့ ကွန်ပျူတာ အဟက်ခံရ

     သြစတြေးလျ ဝန်ကြီးချုပ် ဂျုလီယာ ဂေးလ်လာ့ဒ် (ဓာတ်ပုံ - Bangkok Post)
သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလ်လာ့ဒ်ရဲ့ ပါလီမန်မှာသုံးတဲ့ ကွန်ပျူတာနဲ့ ကာကွယ်ရေးဝန်ကြီး စတီဖင် စမစ်၊ နိုင်ငံခြားရေးဝန်ကြီး ကီဗင် ရုဒ်တို့ရဲ့ စက်များဟာ အဟက်ခံရပြီး တရုတ်ဟက်ကာများရဲ့ လက်ချက်လို့ သံသယရှိကြောင်း သိရပါတယ်။ဆစ်ဒနီနေ့စဉ် တယ်လီဂရဖ်က ဟက်ကာတွေဟာ အနည်းဆုံး ဝန်ကြီး ၁၀ ယောက်လောက်ရဲ့ ကွန်ပျူတာတွေထဲက အီးမေးလ်ပေါင်း ထောင်ချီပြီး မ သွားတယ်လို့ ဆိုပါတယ်။သက်ဆိုင်ရာ ဌာနတွေကတော့ ဟက်ကာတွေရဲ့စာရင်းမှာ တရုတ်ထောက်လှမ်းရေးတွေလည်း ပါတယ်လို့ သံသယရှိကြောင်း ပြောကြပါတယ်။လုံခြုံရေးဆိုင်ရာ ပါရဂူတွေကတော့ ဟက်ကာတွေဟာ အရေးပါတဲ့ ပရောဂျက်တွေနဲ့ ပတ်သက်ပြီး သြစတြေးလျ အစိုးရရဲ့ သဘောထားရပ်တည်ချက်ကို သိချင်လို့ ဝင်ဟက်ကြတာ ဖြစ်တယ်လို့ ပြောထားပါတယ်။
ကူညီကယ်ဆယ်ရေး မျှော်နေဆဲ ငလျင်ဒဏ်ခံဒေသ
ရန်ပိုင် Monday, 28 March 2011 ဆောင်းပါး
ရှမ်းပြည်အရှေ့ပိုင်း ငလျင်ဒဏ်ခံဒေသ အခြေအနေတွေကို သွားရောက်လေ့လာ တင်ပြဖို့ တာချီလိတ်မြို့က စထွက်ပြီး မယ်ယန်း၊ မယ်ဟုတ်၊ မိုင်းကိုး စတဲ့ ကျေးရွာတွေကို စတင်ဖြတ်သန်း ကတည်းက အိမ်တိုင်းအိမ်တိုင်းရှေ့မှာ သဲ ကိုးပုံ၊ ရေ ကိုးခွက်၊ ထီးဖြူ၊ တံခွန် ကုက္ကားနဲ့ ပူဇော်ထားတာကို တွေ့နေရပါတယ်။
 လားဟူ ဘုရားရှိခိုးကျောင်း ပြိုကျသဖြင့် လူ ၂၂ ဦး ပွဲချင်းပြီး သေဆုံးသွားသည်
 အဲဒါ ဘာအတွက်လဲလို့ ဒေသခံတဦးကို မေးကြည့်တော့ နာမည်ကြီး ဆရာတော်တပါးဖြစ်တဲ့ မိုင်းဖုန်းဆရာတော်က နောက်ထပ် ငလျင်ဒဏ် မခံရအောင် အစီအမံပေးထားတာလို့ သိရတယ်။ ဒါ့အပြင် အိမ်တိုင်းရှေ့မှာလည်း ပရိတ်ကြိုးအဖြူတွေကို ချည်နှောင်ထားတာ မြင်ရတယ်။ ဒါပေမယ့် လောလောလတ်လတ် ငလျင်ဒဏ်ခံထားရတာမို့ လူတွေကတော့ စိတ်မချနိုင်ဘဲ အိမ်ရှေ့မှာ ရွက်ဖျင်တဲလေးတွေ ထိုးနေကြတာ မြင်ရတယ်၊တာလေသွားတဲ့ ကတ္တရာလမ်းတလျှောက်မှာ ငလျင်ဒဏ်ကြောင့် ကွဲထွက်သွားတဲ့ ပတ်ကြားအက်ကြောင်းကြီးတွေကို တွေ့နေရပါတယ်။ “တာလေမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကို ကျော်လွန်တော့ တဘက်ကို နိမ့်ဆင်းသွားတဲ့ တာလေတံတားကြီးမှာ တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး ကိုယ်တိုင် လာရောက်စစ်ဆေးနေတဲ့အတွက် စက်ယန္တရားကြီးတွေနဲ့ အားချင်း ပြင်ဆင်နေကြတယ်။
မြို့အ၀င်က ခြေမြန်တပ်ရင်း (၃၁၆) မှာလည်း လူနေတန်းလျားတွေ ပြိုပျက်သွားတဲ့အတွက် တပ်ရှေ့က ကွင်းပြင်မှာ တပ်မိသားစုတွေ ချက်ပြုတ်စားသောက်ပြီး လဲလျောင်းနေကြပါတယ်။ ဒုက္ခသည်တွေကို နေရာချထားပေးထားတဲ့တံတားနားအနီး ကွင်းပြင်ထဲက ရွက်ဖျင်တဲတွေထဲမှာ ဒုက္ခသည်တွေသာမက စစ်သားတွေလည်း အိပ်နေကြပါတယ်။ ဒုက္ခသည်အများစုဟာ နောက်ထပ်မြေငလျင်လှုပ်မှာကို စိုးရိမ်တဲ့အတွက် ညပိုင်း ရဲရဲဝံ၀ံ မအိပ်ရဲကြဘူးလို့ သိရတယ်။ဗိုလ်မှူးချုပ် သန်းထွန်းဦးနဲ့ စစ်ဒေသမှူး၊ ဒေသဆိုင်ရာ အာဏာပိုင်တွေအပြင် ရဲတပ်ဖွဲ့တွေက တဘက်နိမ့်ဆင်းသွားတဲ့ တာလေ တံတားကို သွားလာနိုင်အောင် မြေတူးစက်ကြီးတွေနဲ့ ရှင်းလင်းပြင်ဆင်နေတဲ့ အနီးမှာ ရှိနေကြပါတယ်။တိုင်းမှူးနဲ့ အဖွဲ့ကို လုံခြုံရေး ယူပေးထားရတဲ့ မောင်းပြန်သေနတ်ကိုင် စစ်သားတွေ၊ ကားခေါင်မိုးပေါ်မှာ စက်သေနတ်ကို ထောက်တင်ထားပြီး လာသမျှကားတွေ၊ ဆိုင်ကယ်တွေကို လမ်းဘေးဆင်းဖို့ ၀ီစီတကြော်ကြော် မှုတ်ပြီး မောင်းနှင်နေတဲ့ စစ်ကားတွေကိုလည်း တွေ့နေရပါတယ်။
တာလေမြို့အ၀င်က ရိုမန်ကက်သလစ် လားဟူ ခရစ်ယာန် ဘုရားကျောင်းကြီးကတော့ မြေမှာ ၀ပ်ဆင်းနေပါတယ်။ ကျောင်းရှေ့မှာ ခရစ်ယာန်ဘာသာဝင်တွေလည်း သူတို့ဘုရားကျောင်းကြီးကို ကြည့်ပြီး သူတို့ဘာသာစကားနဲ့ တယောက်တပေါက် ပြောဆိုနေပါတယ်။တာလေမြို့က လမ်းဘေးတဘက်တချက်မှာရှိတဲ့ အိမ်မှန်သမျှ အားလုံး ၀ပ်ဆင်းပြီး ပြိုလဲနေပါတယ်။ အိမ်ခြေ ၁၇၅ အိမ်ရရှိတဲ့ တာလေမြို့ဟာ အခုတော့ ၆ အိမ်သာ အကောင်းပကတိ ကျန်ခဲ့တယ်လို့  တာလေမြို့ခံတဦးက ပြောပါတယ်။ တာလေမြို့နယ် ပြည်သူစစ်ခေါင်းဆောင် ဦးခင်မောင်လှက “၀ုန်း” ဆိုတဲ့ အသံကြီး ကြားရပြီး အိမ်ကြီးတုန်သွားကတည်းက သွားပြီဆိုတာ သိလိုက်ပြီ၊ အိမ်ရှေ့လှမ်းကြည့်လိုက်တော့ ကျနော်နေတဲ့ အပေါ်ဆုံး ၃ ထပ်နဲ့ အိမ်ရှေ့ကတ္တရာ လမ်းနဲ့က တပြေးတည်းဖြစ်သွားတာ မြင်လိုက်ရတယ်လို့ ငလျင်အတွေ့အကြုံကို ပြောပြပါတယ်။
“တုန်လှုပ်ပြီးတော့ အမှတ်မထင် လမ်းမကို ပြေးထွက်လိုက်တယ်။ သတိရလို့ မိသားစုဝင်တွေကို လိုက်စစ်ဆေးလိုက်တော့ အသက် ၈၀ ကျော် အမေအိုကြီး၊ သားသမီး မြေးတွေက ဘာထိ ခိုက်ဒဏ်ရရာမှ မရဘဲနဲ့ အကောင်းပကတိပါပဲ၊ ဒါပေမယ့် ဇနီးသည်ကို မတွေ့ရပါဘူး။ လိုက်ရှာတော့ မြေအက်ကြောင်းကြီးထဲမှာ ပြားဝပ်သွားတဲ့ ဒုတိယထပ် တနေရာမှာ ခေါင်းငိုက်စိုက်နဲ့ သေဆုံးနေတာကိုတွေ့လို့ တုန်လှုပ်သွားတယ်” လို့ ဦးခင်မောင်လှက ဆက်ပြောပါတယ်။သူ့အိမ်နံဘေးက အိမ်တွေအားလုံးလည်း မြေပြင်မှာ ပုံလျက်သား လဲပြိုနေပြီး အနောက်ကိုဖက် မျက်နှာပြု ဆောက်ထားတဲ့ သူအိမ်ကတော့ အလျားလိုက် မြောက်ဘက်ကို ခြောက်ပေလောက် ရွေ့သွားတယ်လို့ ဦးခင်မောင်လှက ဆိုပါတယ်။
အခုတော့ ပြိုသွားတဲ့ အိမ်ရဲ့ ရှေ့လမ်းမကြီး နံဘေးမှာ ရွက်ဖျင်တဲထိုးပြီး လာသမျှ ရပ်နီးရပ်ဝေး မိတ်ဆွေ သင်္ဂဟတွေကို ရှမ်းဘာသာနဲ့ တမျိုး၊ ဗမာဘာသာနဲ့ တဖုံ ခေါင်းငိုက်စိုက်ချကာ အကျိုးအကြောင်း ရှင်းပြနေပါတယ်။ ရွက်ဖျင်နဲ့ ထိုးတားတဲ့ မဏ္ဍပ်ထဲမှာတော့ ပျက်စီးသွားတဲ့ အိမ်ထဲက ရသမျှ ဆွဲထုတ်ထားတဲ့ ကြေးသွန်း ဘုရားဆင်းတု ၂ ဆူ၊ ဘုရားပုံ ကားချပ် တချို့၊ ရဟန္တာပုံတော်တွေ နဲ့ တခြားသော တိုလီမိုလီ ပစ္စည်းတွေကို တွေ့နေရပါတယ်။အိမ်ထဲက ယူလာတဲ့ ခုံတန်းလျားတချို့နဲ့ ဆိုဖာ ဆက်တီတွေအပေါ်မှာတော့ သူ့ရဲ့ အမေအိုကြီး၊ သမီးနဲ့ မြေးကလေးတို့ ထိုင်နေကြပြီး ကလေးတွေကတော့ မိမိတို့ရဲ့ မိခင်ဆုံးရှုံးရမှု၊ ပစ္စည်းဥစ္စာဆုံးရှုံးရမှု၊ တခါမှ မတွေ့ကြုံဖူးတဲ့ သွေးပျက်ဖွယ် အတွေ့အကြုံ ဆိုးကြီးကြောင့် ငူငူငိုင်ငိုင်နဲ့ များပြားလှတဲ့လူတွေကို ဂရုမစိုက်၊ စကားမပြောနိုင်ဘဲ ထိုင်နေကြပါတယ်။
တာလေ လမ်းမကြီးတလျှောက်က အိမ်တွေကတော့ ငလျင်ဒဏ်ကြောင့် အားလုံးလဲပြိုနေသလို အသက်ရှင်ကျန်ခဲ့သူတွေလည်း  ဦးခင်မောင်လှလို့ပဲ လမ်းဘေးမှာ ရွက်ဖျင်တဲတွေ ထိုးပြီး နေနေကြပါတယ်။ တချို့ကလည်း ဆွေမျိုးသားချင်း အကူအညီနဲ့ အပုံလိုက်ဖြစ်နေတဲ့ မိမိတို့ အိမ်တွေထဲက ရသမျှ ပစ္စည်းတွေကို ဆွဲထုတ်နေကြတယ်။အိမ်ကိုပြန်ဆောက်ပြီး ထူထောင်ရေး လုပ်နိုင်ပါ့မလားလို့ ဦးခင်မောင်လှကို မေးကြည့်တော့ သူအနေနဲ့တော့ ဒီနေရာမှာ ပြန်ပြီးမလုပ်ချင်တော့ကြောင်း၊ ဘာကြောင့်လဲဆိုတော့ နံဘေးက အိမ်တွေကလည်း ပြန် မဆောက်တော့ဘဲ အားလုံး ဆွေမျိုးသားချင်းတွေရှိတဲ့ တာချီလိတ်တို့၊ ကျိုင်းတုံတို့ကို ပြောင်းတော့မှာဖြစ်ကြောင်း၊ ပြန်ဆောက်ရမယ်ဆိုရင်တောင် သူအနေနဲ့ ဒီနေရာမှာ တအိမ်တည်းကျန်ခဲ့မှာကို မလိုလားကြောင်း စိတ်မကောင်းစွာနဲ့ ရှင်းပြပါတယ်။
“တာလေမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ထိပ်ကနေ မိုင်းလင်းသွားတဲ့လမ်းအထိ အပျက်အစီးတွေကို လာကြည့်တဲ့သူတွေ၊ ဆွေမျိုးမိတ်ဆွေတွေဆီကို ကူညီဖို့၊ သတင်းမေးဖို့ လာတဲ့သူတွေ၊ တာချီလိတ်၊ ကျိုင်းတုံ၊ မယ်ဆိုင်မြို့က အကူအညီပေးဖို့လာတဲ့ တသီးပုဂ္ဂလ အလှူရှင်တွေ၊ နာဟောင်းမူး၊ ဟောင်လိတ် အစရှိတဲ့ ကျေးရွာ ရပ်ကွက်တွေက စုပေါင်းပြီး လာလှူဒါန်းတဲ့သူတွေ၊ ကြက်ခြေနီ တံဆိပ်ကို ရင်ဘတ်နဲ့ကျောမှာ ချိတ်ထားသူတွေဟာလည်း လမ်းမကြီးပေါ်မှာ အပြည့်ပါပဲ။ယမန်နေ့ကတော့ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ် အောင်သန်းထွဋ်နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးမောင်မောင်ဆွေ လာရောက်ပေမယ့် ဘာမှမယ်မယ်ရရ လုပ်ကိုင်ပေးသွားတာ မရှိသေးပါဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
တခါတလေ ရှားရှားပါးပါး World Vision လို့ အမည်တပ်ထားတဲ့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး အဖွဲ့ ၀တ်စုံဝတ် ၀န်ထမ်းတချို့သာ ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ခေါက်ဆွဲခြောက်ထုတ်နဲ့ရေ၊ တခြားစားသောက်ဖွယ်ရာတွေကို ဝေခြမ်းနေတာတွေ့ရတယ်။ မိုးရွာလို့ ချမ်းအေးနေပေမယ့် စောင်နဲ့ အိပ်ရာခင်းတွေကို ပေးဝေကြတာ မရှိသေးဘူးလို့ သိရတယ်။တာချီလိတ်က မိုးကာဖျင်ရောင်းတဲ့ ဆိုင်တွေမှာ ရောင်းစရာလက်ကျန် မရှိတော့ဘူးလို့ ဆိုပါတယ်။ကယ်ဆယ်ရေးအနေနဲ့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးအဖွဲ့ရော တခြားပုဂ္ဂလိက အဖွဲ့တွေပါ ဝေခြမ်းရေး၊ ကူညီရေးအတွက် စာရင်းကောက်ခံပေမယ့် ထိထိရောက်ရောက် မလုပ်နိုင်သေးတာကို တွေ့ရပါတယ်။
အစိုးရရဲ့ အကူအညီတွေကို လောက်လောက်လားလား မတွေ့ရသေးသလို နိုင်ငံတကာအကူအညီလည်း မလာသေးပါဘူး။ ဒီနေ့တော့ ထိုင်းအစိုးရ ကူညီကယ်ဆယ်ရေးကားတွေ လာပေမယ့် စစ်အစိုးရအာဏာပိုင်တွေက နှစ်နိုင်ငံ နယ်စပ်တံတားပေါ်မှာပဲ ကယ်ဆယ်ရေး ပစ္စည်းတွေကို လက်ခံခဲ့တယ်။ ပြီးမှသာ ဒေသခံ ဒုက္ခသည်တွေကို ပြန်ပြီးပေးမှာလို့ သိရပါတယ်။
ဗိုလ်ချုပ် အောင်သန်းထွဋ်နဲ့ တိုင်းမှူးပါ ရောက်နေတဲ့အတွက် လုံခြုံရေးအရ ထိုင်း-မြန်မာ နယ်စပ်ကနေ ကျိုင်းတုံအထိ ကမ္ဘာလှည့် ခရီးသွားများရဲ့ ခရီးစဉ်ကို ပိတ်ထားလိုက်ပြီလို့ သိရတယ်။ဒုက္ခသည်တွေအားလုံးဟာ နေစရာမရှိဖြစ်နေပြီး ယမန်နေ့ညက မိုးသည်းထန်စွာ ရွာတဲ့အတွက် ဗွက်ပေါက်နေတဲ့ ကွင်းပြင်ကြီးထဲမှာ အပြာရောင်နဲ့ အဖြူရောင် ကြားထားတဲ့ ရွက်ဖျင်တဲကြီးတွေ၊ ကြက်ခြေနီအဖွဲ့ကပေးတဲ့ ရွက်ဖျင်တဲ အဖြူကြီးတွေနဲ့ အေးစက်နေတဲ့ မြေပြင်မှာ နေနေရပါတယ်။မြို့ပျက်ကြီးတမြို့လိုဖြစ်နေတဲ့ တာလေမြို့ တနေရာမှာတော့ ၈ နှစ်အရွယ် မိန်းကလေးတယောက်ဟာ အပျက်အစီးပုံထဲက ပြန်တွေ့ရတဲ့ သူရဲ့ဓာတ်ပုံလေးကို ချောင်းရေနဲ့ တယုတယ အသေအချာဆေးနေတာကို တွေ့ခဲ့ရပါတယ်။တာလေ လမ်းမတလျှောက် ဘယ်နေရာ ဘယ်အိမ်ပဲ ကြည်လိုက်ကြည့်လိုက် အကောင်းပကတိ ကျန်ခဲ့တယ်ဆိုတာ မတွေ့ရပါဘူး။ မြို့လယ်က တာလေဘုန်းကြီးကျောင်းရဲ့ ဓမ္မာရုံကြီးဟာလည်း  မြေပြင်မှာ ပြားပြားဝပ်ဆင်းနေပါပြီ။ အပျက်အစီးပုံရဲ့ရှေ့မှာတော့ ကိုရင် သုံးပါး၊ ငလျင်ကြောင့် နဖူးမှာ ဒဏ်ရာရလို့ ပလာစတာကပ်ထားတဲ့ ကပ္ပိယတယောက်တို့ အလှူခံပုံးချပြီး အလှူခံနေတာကို တွေ့ရပါတယ်။
ကပ္ပိယကြီး ပြောတာကတော့ တသက်နဲ့တကိုယ် တခါမှ မကြုံဘူးတဲ့ ဘေးဆိုးကြီးတဲ့။ အသက် ကိုးဆယ်ရှိတဲ့ အမေကြီးတယောက်ကိုလည်း ကြုံဖူးသလားလို့ မေးကြည့်တော့ မကြုံဖူးဘူး ဆိုပြီး ငလျင်လှုပ်တုန်းက သူအတွေ့အကြုံတွေကို တုန်တုန်ချိချိနဲ့ ပြောပြနေပါတယ်။ဘုန်းကြီးကျောင်းက ကိုရင်တွေကတော့ ငလျင်လှုပ်လို့ ဓမ္မာရုံကြီး ပြိုကျချိန်မှာ သူတို့က တီဗီကြည့်ပြီးလို့ အပြင်မှာ ဆော့နေတာ၊ ဓမ္မာရုံကြီး ပြိုကျသွားတာကို ကြောက်လို့ မကြည်ရဲဘူးလို့ ပြောကြပါတယ်။ရယက စာရေး ကိုစိုးဝေကလည်း ရ၀တရုံးကအဆင်းမှာ မြေကြီးနိမ့်ကျသွားသလို ခံစားရပြီး လူလည်း ရုံးအုတ်နံရံနဲ့ ရိုက်မိသွားတယ်၊ ဘေးနှစ်ဘက် မြေပြင်ကနေ ရေတွေ ပန်းထွက်လာတယ်၊ သူလည်း သွေးရူးသွေးတန်းနဲ့ လမ်းမကို ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ ကိုစိုးဝေမှာလည်း တကိုယ်လုံး ဒဏ်ရာတွေ ဗလပွနဲ့ တွေ့ရပါတယ်။
တာလေမြို့နဲ့ တဆက်တည်းဖြစ်တဲ့ မိုင်းလင်းကျေးရွာကိုသွားတဲ့ လမ်းတလျှောက်မှာလည်း အိမ်တွေ ပြိုလဲနေတာကို မြင်တွေရပါတယ်။ မိုင်းလင်းက အိမ်တွေက သစ်သားအမိုး၊ သစ်သားအကာတွေနဲ့ ဆောက်ထားတဲ့ ရှေးအိမ်တွေ ဖြစ်လို့ ငလျင်ဒဏ်ကြောင့် အားလုံးဟာ လဲလို့တမျိုး၊ စောင်းလို့တဖုံ ရှိနေကြပါတယ်။ရွာလမ်းမပေါ်တွေမှာ ရွက်ဖျင်တဲတွေ ထိုးနေရတဲ့ မိသားစုတွေကို လမ်းတလျှောက် မြင်တွေ့နေရတယ်။ ဟောင်လိတ်၊ နာကောင်းမူး စတဲ့ ရွာတွေကလာတဲ့ ဒုက္ခသည် ကယ်ဆယ်ရေးပစ္စည်း ဝေခြမ်းရေး ကားတွေလာရင် လူတွေက နောက်က အတင်းပြေးလိုက်ပြီး ပစ္စည်းတွေ တောင်းယူနေကြသလို အားလုံးကလည်း ဘယ်က ဝေခြမ်းရေးကားလာမလဲဆိုတာကို စောင့်မျှော်နေကြတာတွေ့ရတယ်။ ကားတစီးလာရင် ဝေခြမ်းရေးကားထင်ပြီး ပြေးလိုက်တဲ့ အပျိုအရွယ်တွေသာမက အဘိုးကြီး၊ အဘွားကြီးတွေလည်း အများကြီးပါပဲ။
ကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ မိုင်းလင်းမှာလည်း စနစ်တကျ လုပ်ကိုင်ပေးနိုင်တာကို မတွေ့ရသေးပါဘူး။ တာချီလိတ် ခရိုင်ရဲမှူးနဲ့အဖွဲ့ရဲ့ ကားပေါ်မှာတော့ ဝေခြမ်းပစ္စည်းတွေကို တွေ့နေရပေမယ့် ဝေခြမ်းမှု မရှိသေးပါဘူး။ ဒါကြောင့် ဒုက္ခသည်တွေက ဝေခြမ်းမလားဆိုပြီး မျှော်တလင့်လင့်ဖြစ်နေတာကိုလည်း မြင်ရပါတယ်။မိုင်းလင်းနဲ့ တာလေ သွားလမ်းပေါ်က ပြိုပျက်နေတဲ့ ဘုန်းကြီးကျောင်းထဲမှာတော့ အာဏာပိုင်တွေက ဒုက္ခသည်စခန်းဆိုပြီး ဖွင့်လှစ်ထားပေမယ့် ဒုက္ခသည်နေဖို့၊ ထိုင်ဖို့ အကူအညီပေးတဲ့ ပုံမရှိဘဲ ကလားဖျင်းထဲမှာ ပလတ်စတစ် ကုလားထိုင်တွေကိုသာ ချထားတာကို မြင်ရပါတယ်။ အထဲမှာတော့ စစ်ဝတ်စုံဝတ် စစ်အရာရှိများနဲ့ စစ်သားတွေကိုသာ မြင်ရတယ်။
 အထပ်မြင့် တိုက်အိမ်များလည်း မြေကြီးထဲသို့ ကျွံဝင်ကုန်သည် (ဓာတ်ပုံ - ဧရာဝတီ)
မိုင်းလင်းရွာက ကျန်းမာရေးမှူးလည်း ပြိုပျက်နေတဲ့ သူအိမ်ရှေ့က ရွက်ဖျင်တဲထဲမှာ ဒီအတိုင်းနေရတာကို တွေ့လို့ မြေကြီးက စိုစွတ်အေးနေတာ၊ အအေးပတ်မှာ မစိုးရိမ်ဘူးလားလို့ မေးကြည့်တော့ အေးတာက ပြဿနာ မဟုတ်ဘူး၊ အခုဟာက အကုန်မပျက်သေးတဲ့ အဆောက်အဦထဲ သွားနေရင် ငလျင်လှုပ်သံကြားတိုင်း ထွက်ပြေးနေရတော့ ကောင်းကောင်းအိပ်လို့ မရဘူးလို့ပြန်ဖြေပါတယ်။မိုင်းလင်းကျေးရွာ ဥက္ကဋ္ဌ ဦးအောင်မြကတော့ သူအိမ်လည်း ကျွမ်းထိုးမှောက်ခုံဖြစ်၊ စပါးကျီတွေလည်း ဖိတ်ကျမို့ ရွာမှာတော့ စပါးလည်းဆုံး၊ သားလည်းဆုံးပဲတဲ့။ အိမ်ကို ပြန်ဆောက်နိုင်ပါဦးမလားလို့ မေးတော့ မဆောက်နိုင်လောက်တော့ပါဘူးလို့ ပြောပါတယ်။ အသေအပျောက်ကို မေးကြည့်တဲ့အခါ မိုင်းလင်း အရှေ့ အနောက်ရွာမှာတင်စာရင်းအရ လူဦးရေ ၄၀ ရှိနေပြီး အနီးအနားက ရွာတွေကစာရင်း မပါသေးကြောင်း၊ မိုင်းလင်းနဲ့ တာလေ ၂ နေရာပေါင်းရင် ၁၃၀ နီးပါး ရှိနိုင်ကြောင်း ပြောပါတယ်။
ရွာထဲဝင်လိုက်ရင်လည်း အိမ်တိုင်းက ရှမ်းဘာသာနဲ့ သူတို့အိမ် ဘယ်နေရာက အက်သွားတယ်၊ ငလျင်ကြောက ဘယ်နေရာလောက်က ဖြတ်သွားတာ၊ ဘယ်သူအိမ်တော့ ဘာဖြစ်သွားပြီဆိုတာကို အမေတကောနဲ့ ရှင်းပြနေကြတယ်။ရွာဦးဆရာတော်လည်း ငလျင်ကြောင့် ကွင်းပြင်ထဲက မဏ္ဍပ်ထဲမှာပဲ သီတင်းသုံးနေရတယ်။ ဓမ္မာရုံကြီးကတော့ မျက်နှာကျက်တွေ ပြုတ်ကျနေပါတယ်။ ငလျင်ဆိုတဲ့ သဘာဝ ကပ်ဘေးကြီးက မိုင်းလင်း တောင်ပေါ်စေတီကိုလည်း အလွတ်မပေးပါဘူး။ တောင်ထိပ်မှာ တည်ထားတဲ့ ရွှေရောင်ဝင်းဝင်းနဲ့ စေတီလည်း ငှက်ပျောဖူးက အောက်ကို ငိုက်ရုံသာမက ဖောင်းရစ်ပါ တပိုင်းပြတ်ထွက်သွားပါတယ်။ စေတီအ၀င် မုခ်ဦးလည်း ပြိုကျသွားလို့ စစ်သား ၁၀ ယောက်လောက်က ၀ိုင်းဝန်းရှင်းလင်းနေတာကို မြင်ရတယ်။ စေတီကြီးကိုတော့ မရှင်းလင်းနိုင်သေးပါဘူး။
ငလျင်ဒဏ် အဆိုးဆုံးခံရတဲ့ တာလေမြို့ အနောက်ဘက် တောင်တန်းပေါ်မှာရှိတဲ့ ကျကူနီရွာကိုတော့ ကယ်ဆယ်ရေးတွေ မရောက်နိုင်သေးပါ။ လားဟူ ပြည်သူ့စစ်တွေ နေထိုင်တဲ့ အထက် ကျကူနီရွာဟာ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ခံရတယ်လို့ တာလေ ပြည်သူစစ်အဖွဲ့ဝင်တဦးက ပြောပါတယ်။ကယ်ဆယ်ရေး မသွားနိုင်သေးတာကလည်း လုံခြုံရေး အခြေအနေကြောင့်လို့ ရှင်းပြတယ်။ နယ်မြေအခြေအနေက ၀တပ်ဖွဲ့တွေအပြင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) လည်း ဒီနေရာတွေမှာ လှုပ်ရှားနေတဲ့အတွက် စစ်တပ်က ကယ်ဆယ်ရေး မသွားသေးတာ ဖြစ်နိုင်ကြောင်း၊ ဒါ့အပြင် ရာသီဥတုကလည်း မိုးဆက်တိုက်ရွာနေလို့ တောင်ပေါ်လမ်း ပျက်နေတဲ့အတွက် သွားလို့မရသေးတာလည်း ဖြစ်နိုင်ကြောင်း ပြည်သူစစ်အဖွဲ့ဝင်က ပြောတယ်။ကယ်ဆယ်ရေး အဖွဲ့တွေ မသွားနိုင်သေးတဲ့အတွက် အခုအချိန်အထိတော့ ကျကူနီရွာရဲ့ အသေအပျောက်စာရင်းကို အတိအကျ မသိနိုင်သေးဘူးလို့ သိရပါကြောင်း။
ရယ်စရာ ပဟေဠိ အမှတ် ဝဝ၈ အဖြေများ
မေးခွန်း - ၁ “နေပြည်တော်နှင့် အနီးတ၀ိုက်တွင် ယနေ့ မိုးရွာမည်။ ရွာရန်ရာနှုန်း ၇၀ ရှိပါသည်” လို့ မိုးဇလက ကြေညာသွားတယ်။
မိုးရွာမယ် ဆိုတာကို ဘတ်ဂျက်နည်းပြီး၊ ပစ္စည်း ရှားပါးတဲ့ မိုးဇလက ဘယ်လို သိနိုင်သလဲ။
အဖြေ - ဘတ်ဂျက် မရှိပေမယ့် အိုင်ဒီယာ ကောင်းကောင်းလေးတွေ ရှိပါတယ်။ မိုး ရွာမရွာ သိနိုင်ဖို့ ဖား အကောင် ၁၀၀ မွေးထားလိုက်တာပေါ့။ ဖား အကောင် ၇၀ လောက် အော်ရင် ရွာရန်ရာနှုန်း ၇၀ ရှိပါသည် လို့ ကြေညာလိုက်တယ်။
ဖားတွေ အကုန်အော်ရင် ဘယ်လိုလုပ်မလဲ? သိပ် လွယ်ပါတယ်လေ၊ ရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည် လို့ ကြေညာရုံသာ။
(သဲလွန်စ = ၁၀၀)
 မေးခွန်း ၂ - ဧရာဝတီ ၀က်ဆိုက်ရဲ့ ပတ်စ်ဝပ်မှာ ဘယ်စာလုံးတွေ ပါမယ်လို့ ထင်လဲ။
အဖြေ - ပတ်စ်ဝပ် မလိုပါဘူး။ irrawaddy.org ဆိုတာကို ရိုက်ထည့်ပြီး Enter ကိုသာ နှိပ်ပါလေ။
(သဲလွန်စ - top secret, confidential, for your eyes only, not your business, i hate computer)
 မေးခွန်း ၃ - မနေ့တုန်းက မတ်လ ၂၇ ရက်နေ့။ ဒါပေမယ့် "တပ်မတော်နေ့" ဆိုပြီး အကြီးအကျယ်လုပ်တာတွေ
မတွေ့ရတာ ဘာကြောင့်လဲ။
အဖြေ - ဗိုလ်ချုပ်မှူးကြီးရဲ့ အမိန့်အရ အပေါင်ဆိုင် အဲ - အမိန့်အရ မကျင်းပတာလို့ သိရပါတယ်။ သူ့မွေးနေ့ကို
တပ်မတော်နေ့အဖြစ် သတ်မှတ်မယ်၊ အဲဒီအခါမှ ခြိမ့်ခြိမ့်သဲသဲ ကျင်းပမယ် ဆိုပဲ။
(သဲလွန်စ - မွေးနေ့)
(မှတ်ချက် - သဲလွန်စတွေကြောင့် အဖြေရဖို့ ပိုနီးစပ်သလို တခါတလေတော့လည်း ပိုဝေးနေပါလိမ့်မယ်း)

ယူအေအီ စာပေဟောပြောပွဲ - ချစ်ဦးညို - မတ် ၂၂၊ ၂၀၁၁
UAE Burmese Literary Talk - Chi Oo Nyo - March 22nd 2011
နားဆင်ရန်...

စစ်ရေးပြတာတွေ မလုပ်ရတဲ့ အကြောင်းရင်း နဲ့ အဟန့်အတား ကျော်ဖြတ်နည်း
အဝေးကြည့်မှန်ပြောင်း   -   မတ် ၂၈၊ ၂၀၁၁   - 
စစ်သံမှူးတို့နှင့် ဇနီးများ
အောက်ကပုံကို ရှုပါအုံး။ ဒီနေ့ထုတ် သတင်းစာ မျက်နှာဖုံးတွေပါ။
စစ်သံမှူးတို့နှင့် ဇနီးများ ဆိုပဲ။ အင်္ဂလိပ်လိုရော မြန်မာလိုပါ ရေးထားတယ်။ သို့ကလို ရေးသားချက်အရ ဆိုရင် အမေရိကန်စစ်သံမှူးမှာ ဇနီး ရှိသလို ဖြစ်နေပြီပေါ့။ အင်း - အရမ်း စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ။ ဒါကြောင့် ဒီဓာတ်ပုံကို မျက်နှာဖုံး တင်ထားတာ ဖြစ်လိမ့်မယ်။
 စစ်သံမှူး Brey Sloan ကို နှုတ်ဆက်နေတဲ့ ချိုကုပ်ဒူးကြီး
 အင်္ဂလိပ်လိုထုတ်တဲ့ သတင်းစာမျက်နှာဖုံးမှာ ဒီအမျိုးသမီးကြီးနဲ့ တွဲရိုက်ထားတဲ့ပုံကို ထည့်တာဟာ အမေရိကန်တို့ကို ဖော်လံဖားချင်တာများလား။ အင်း - ဖြစ်နိုင်ပေတာ ပေါ့လေ။မြန်မာလိုထုတ်တဲ့ ကြေးမုံမြန်မာ့အလင်းတို့မှာတော့တခြားစစ်သံမှူးများကို အသားပေးထားလေရဲ့။ ငါတို့က အမေရိကန်ကို ဂရုမစိုက်ဘူးဟေ့ လို့ မြန်မာလိုဖတ်တဲ့
ပရိသတ်ကို ပြောချင်တာများလား။ အဝေးက ကြည့်တာမို့ ဒီလိုပဲ တွေးမိပါတယ်။
 မြန်မာသတင်းစာအဖုံး
 စစ်ရေးပြအခမ်းအနား နားရခြင်းအကြောင်း
ဒီနှစ်တော့ စစ်ရေးမပြဘူး တဲ့။ ပေါတာကြီးတို့ ပိုက်ဆံမရှိလို့ နားတယ် ထင်ရင် မှားမှာပေါ့။ ဘာကြောင့် နားသလဲ ဆိုတာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီး ကြိုင်ကြိုင်တို့သာလျှင် ဧကန် သိနိုင်မှာပါ။ အခု မှန်ပြောင်းနဲ့ လှမ်းကြည့်လို့ မြင်တာ ပြောရရင်
 နေပြည်တော်တိုင်း စစ်ဌာနချုပ်က စစ်ရေးပြပွဲမှာ သတင်းစာထဲကဟာတွေ ဖတ်ပြနေတဲ့ ဗိုလ်မှူးချုပ်မောင်မောင်အေး
စစ်သားတွေလည်း ပေါတာကြီးတို့ကို ရိုက်သတ်ချင်လောက်အောင် မုန်းနေပြီလေ။ ဒါကြောင့် အမုန်းတရားတွေ၊ အဲဒီအမုန်းတွေကနေ ပေါက်ဖွားလာမယ့် သေနတ်ပြောင်း ကိုယ့်ဘက်လှည့်တာတွေ ရင်မဆိုင်ရဲလို့ ဖြစ်ပါလိမ့်မယ်။နေပြည်တော်တိုင်း စစ်ရေးပြပွဲပုံမှာ ကြည့်ပါအုံး။ စစ်ရေးပြသူတွေကို သေနတ် ပေးမကိုင်ဘူး။ ကျည်ဆံထည့်မထားတဲ့ သေနတ်တောင် ပေးမကိုင်ဘူး။ အဲဒီသေနတ်တွေကို ၀ိုင်း အရိုက်ခံရမှာ စိုးရိမ်ပုံပဲ။ ဗေဒင်ဆရာတွေက ပေါတာကြီးတို့ကို ဘယ်လောက်တောင် လျှောက်ဟောထား ပြောထားလည်း မသိ။
အဟန့်အတား ရင်ဆိုင် ကျော်လွှား ဆိုပဲ
ဘယ်လို ကျော်လွှားမလဲတော့ မသိဘူး။ မတ် ၂၇ နီးတော့ သတင်းစာတွေမှာ ပေါတာကြီးရဲ့ ကျက်သရေရှိလွန်းတဲ့ပုံနဲ့ ဟာသတွေ နေ့တိုင်း မျက်နှာဖုံးတင်နေတာလေ။ ဒါ လွန်ခဲ့တဲ့ လေးရက်လောက်က ဖြတ်စ။မြန်မာပြည်မှာ အင်တာနက်က အင်တာဖြူ ဖြစ်နေပြီ။ မျက်ဖြူဆိုက်အောင် လုပ်ထားလို့လေ။ ဒီအဟန့်အတားကတော့ တော်တော် ကြီးတာပဲ။ ရင်ဆိုင်ကျော်လွှားရ အင်မတန်ခက်တယ်။  ပရော်စီ တွေ ထည်လဲသုံးလည်း အဟန့်အတားကို မကျော်နိုင်ဘူး ဖြစ်နေတယ်။

ဂျာနယ်အများအပြား ပုံနှိပ်ပြီးမှ ဆင်ဆာဖြတ်မည်
မိုးမခ အထောက်တော်၊ ရန်ကုန်   -   မတ်လ ၂၈၊ ၂၀၁၁
 ရန်ကုန်မြို့ စာအုပ်ဆိုင်တဆိုင်မှ အရောင်းသွက် ဂျာနယ်များ။ ဗိုလ်ချုပ်ကြီးတို့ ကြောက်ရွံ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ နှင့် သတင်း ဖော်ပြသည့် ထိုဂျာနယ်များ ၂၀၁၀ နိုဝင်ဘာလ တွင် ထုတ်ဝေခွင့် ယာယီ အပိတ်ခံရသည်။ (ဓာတ်ပုံ-မိုးမခ)
ဂျာနယ်၊ မဂ္ဂဇင်း၊ လုံးချင်း စာအုပ် အမျိုးအစား အများအပြားကို ခွင့်ပြုချက်မလိုဘဲ ပုံနှိပ်နိုင်တော့မည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဋ္ဌာနက ပြည်တွင်း မီဒီယာအဖွဲ့များသို့ ပြောကြားခဲ့သည်။ ပုံနှိပ်ပြီးမှ တင်ပြရမည့် စာပေများမှာ အနုပညာ၊သုတ၊ ရသ၊ အားကစား၊ ကလေးစာပေ၊ ဂမ္ဘီရ၊ ကျန်းမာရေး၊ နည်းပညာ ဆိုင်ရာ အမျိုးအစားများ ပါဝင်မည်ဟု ဆိုသည်။ သတင်းဂျာနယ်များ မပါဝင်ပေ။ ထို အစီအစဉ် မည်သည့်အချိန်တွင် စတင်မည် ဆိုသည်ကို နာမည်ဆိုးဖြင့် ကျော်ကြားသည့် စာပေစိစစ်ရေးဌာနက ထုတ်ပြန်ခြင်း မရှိသေးပေ။ ဋ္ဌာနက လာမည့် အစိုးရသစ်ထံသို့ တင်ပြပြီး အဆိုပါ အစိုးရသစ်က ခွင့်ပြုသည့်အချိန်တွင် စတင်မည့် အစီအစဉ်ဖြစ်သည်ဟု ဆိုသည်။
          အဆိုပါ အမျိုးအစား ၆ မျိုးကို ထုတ်ဝေရာတွင်မူ ထုတ်ဝေခွင့်လိုင်စင် လိုအပ်ဦးမည် ဖြစ်သည်။ ထုတ်ဝေပြီးသည့် အခါတွင်လည်း အချောစာအုပ်၊ စာစောင်၊ မဂ္ဂဇင်းများကို စာပေစိစစ်ရေး ဋ္ဌာနသို့ တင်ပြရမည်ဟု ဆိုသည်။ အပတ်စဉ်ထုတ် ဂျာနယ် ၈၄ စောင်နှင့် လစဉ်ထုတ် မဂ္ဂဇင်း ၁၁၃ စောင်တို့မှာ အဆိုပါအမျိုးအစား ၆ မျိုးတွင် အကျုံးဝင်မည် ဖြစ်သည်ဟုလည်း ယခင်စာပေစိစစ်ရေး၏ ညွှန်မှူးဖြစ်သူ ဦးတင့်ဆွေက ပြောသည်။စာစောင်အချို့ မထုတ်မီကြိုတင်ပြရခြင်း(တင်ထုတ်) အစား ထုတ်ဝေပြီးနောက်တင်ပြခြင်း (ထုတ်တင်) အဖြစ် ခွင့်ပြုမည့် အစီအစဉ်အပေါ် သတင်းအယ်ဒီတာတချို့က ထူးခြားသည့် ဖြေလျော့မှု အဖြစ်ရှုမြင်ကြသည်။ သို့သော်လည်း သတင်းအယ်ဒီတာ အများစုကမူ  စာပေစိစစ်ရေး ဌာန ဆက်ရှိနေခြင်း၊ သတင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ အတ္ထုပ္ပတ္ထိစာပေများအတွက် ကြိုတင်ခွင့်ပြုချက် ဆက်လက် လိုအပ်နေခြင်း၊  ရေးသားဖေါ်ပြခွင့် ဆက်လက် တင်းကျပ်ထားခြင်း တို့ကြောင့် ဖြစ်ပေါ်လာဖွယ်ရှိသည့် အပြောင်းအလဲကို   စိတ်ဝင်စားမှု အနည်းငယ်သာ ပြကြသည်။
          သတင်းအယ်ဒီတာတဦးက “စာပေစိစစ်ရေးဆိုတာရှိနေတာက သတင်းသမားဆီကနေ ဖတ်ရှုသူဆီ သတင်းစီးဆင်းမှု အကြားမှာ ပိတ်ဆို့ထားလိုက်သလိုပဲ။ ရောက်စေချင်တာ မရောက်တာ၊ ပေးချင်တဲ့ သတင်း အချက်အလက် ကြားမှာ ဖြတ်တောက်ခံလိုက်ရတာတွေက သတင်းလောက တိုးတက်မှုနဲ့ လူထုရဲ့ လိုအပ်ချက်ကို အတားအဆီးကြီးလို ဖြစ်နေတယ်။

No comments:

Post a Comment